“အမေရိကန်က လက်တင်အမေရိကကို တစ်ကျော့ပြန်ကိုလိုနီပြုလိုဟု ဘရာဇီးသမ္မတ သတိပေး”
23 Mar
အမေရိကန်က လက်တင်အမေရိကကို တစ်ကျော့ပြန်ကိုလိုနီပြုလိုသောကြောင့် လက်တင်အမေရိက ဒေသသည် ကိုလိုနီအုပ်ချုပ်ရေးအောက်သို့ ပြန်လည်ရောက်ရှိမည့် ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်နေရကြောင်း ဘရာဇီး သမ္မတ လူလာဒါဆေးဗားက ပြောသည်။ ထို့ပြင် အိမ်ဖြူတော်၏လုပ်ဆောင်ချက်များသည် ဒီမိုကရေစီနှင့် သွေဖည် နေကြောင်း ၎င်းက ဝေဖန်လိုက်သည်။ ဇန်နဝါရီလ ၂၄ ရက်တွင် ဗင်နီဇွဲလား သမ္မတနီကိုးလပ်မာဒူရိုကို အမေရိကန် က ဖမ်းဆီးပြီးနောက် ဖေဖော်ဝါရီလတွင် ကျူးဘားနိုင်ငံအပေါ် ရေနံပိတ်ဆို့မှုများပြုလုပ်ကြောင်း၊ ယင်းနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကျူးဘားသည် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု စွပ်စွဲထားကြောင်း ဘရာဇီး သမ္မတက ထောက်ပြသည်။ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့၌ပြုလုပ်သည့် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများအဖွဲ့ချုပ် ထိပ်သီးအစည်းအဝေးတွင် လူလာက အမေရိကန်၏နိုင်ငံခြားရေးမူဝါဒကို ပြင်းထန်စွာဝေဖန်ပြီး အခြားနိုင်ငံများကို အမေရိကန်ကပိုင်ဆိုင်သည်ဟု ထင်မှတ်၍မရကြောင်းနှင့် ယခုလုပ်ဆောင်ချက်များသည် ဒီမိုကရေစီနည်းလမ်းကျ ခြင်း ရှိ၊ မရှိမေးခွန်းထုတ်ထားသည်။ အမေရိကန်သည် အတိတ်ကာလက ရွှေ၊ စိန်နှင့် သတ္တုရိုင်းများကို ထုတ်ယူ ခဲ့ပြီးနောက် ယခုအခါအရေးပါသော သတ္တုများနှင့်မြေရှားဒြပ်စင်များကို ပိုင်ဆိုင်လိုကာ တစ်ကျော့ပြန်ကိုလိုနီ ပြုလိုခြင်းဖြစ်သည်ဟု လူလာ က သတိပေးထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။