“အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးလုပ်ငန်းများ နေအိမ်မှသာ ဆောင်ရွက်ရန် ထုတ်ပြန်”

23 Mar

အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများအနေနဲ့ အပတ်စဉ်ဗုဒ္ဓဟူးနေ့ကို နေအိမ်မှသာ ဆောင်ရွက်ကြရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်လိုက် ပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူတဲ့ စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အခုလို သတ်မှတ်ကြေညာခဲ့တဲ့နည်းတူ နိုင်ငံတော်အစိုးရအနေနဲ့ စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်း မျိုးစုံနဲ့ အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိမှာ လုံလောက်သော စက်သုံးဆီအရန်ရှိပေမယ့် အနာဂတ်မှာဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံး ဌာနများမှ အရာထမ်း၊ အမှုထမ်းများက သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များမှာ သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်မှစတင်ပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက် သွားကြရန် သတ်မှတ်ကြေညာလိုက်ပါတယ်။ အခုလို သတ်မှတ်ကြေညာခြင်းက စက်သုံးဆီချွေတာရန်ဖြစ်သည့်အားလျော်စွာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေနဲ့ အဆိုပါရက်မှာ တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှုမပြုကြရန် ဖြစ်ပါတယ်။ ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့်လည်း အစိုးရရုံးဌာနများနည်းတူ (work from home) ကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန်ဖြစ်ပါတယ်။ ဤကြေညာချက်သည် နောက်ထပ်ကြေညာ ချက် တစ်စုံတစ်ရာ မထုတ်ပြန်သရွေ့ အတည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ (NVS 004)

23 Mar

ADVERTISE HERE .