“ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အဝေးကွင်းလက်မှတ်များကို စတာလင်ပေါင် ၃၀ ဖြင့်သာ ရောင်းချသည့် အစီအစဉ်ကို ဆက်လက်အသုံးပြုမည်”
22 Mar
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လာမည့်ဘောလုံးရာသီများတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အဝေးကွင်း လက်မှတ်များကို စတာလင်ပေါင် ၃၀ ဖြင့်သာ ရောင်းချသည့်အစီအစဉ်ကို ဆက်လက်အသုံးပြုမည်ဟု ထုတ်ပြန်ခဲ့ ကြောင်း Goal. com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ၂၀၁၆ ခုနှစ်မှစတင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဝေးကွင်းလက်မှတ်ခကို စတာလင်ပေါင် ၃၀ ဖြင့်သာ ရောင်းချသည့်စနစ်ဖြင့် အသုံးပြုနေပြီး အဆိုပါအစီအစဉ်ကို ၂၀၂၇ ခုနှစ်ထိ သဘောတူညီမှု ရရှိထားခြင်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကလပ်အသင်းများကြား လာမည့်နှစ်ဘောလုံးရာသီတွင် အဝေးကွင်း လက်မှတ်ခ များကို စတာလင်ပေါင် ၃၀ သာ တန်းတူသတ်မှတ်မည့် အစီအစဉ်နှင့်ပတ်သက်ပြီး မဲပေးမှုများလုပ်ဆောင်ခဲ့ရာ အသင်းအများစုက အဆိုပါစနစ်ကို ဆက်လက်ထောက်ခံခဲ့သည့်အတွက် မူလသတ်မှတ်ထားသည့်အတိုင်း ၂၀၂၇ ခုနှစ်ထိ အဝေးကွင်းလက်မှတ်ခများကို ပြိုင်ပွဲဝင်အသင်းတိုင်း စတာလင်ပေါင် ၃ဝ ဖြင့်သာ ရောင်းချသည့်စနစ် ဆက်လက်အသုံးပြုမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဝေးကွင်းလက်မှတ်ခများကို ပြိုင်ပွဲဝင်အသင်းတိုင်း စတာလင် ပေါင် ၃၀ ဖြင့်သာ ရောင်းချသည့်စနစ်ကို ကျင့်သုံးနေသော်လည်း အိမ်ကွင်းလက်မှတ်ခများကိုမူ သက်ဆိုင်ရာကလပ်အသင်းများအလိုက် ဈေးနှုန်းသတ်မှတ်ကောက်ခံနေပြီး အာဆင်နယ်အသင်းနှင့် မန်ယူအသင်းတို့အနေဖြင့် ၎င်းတို့အသင်း အိမ်ကွင်းလက်မှတ်ခများကို နှစ်စဉ်တိုးမြှင့်ရောင်းချနေသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။(NVS 008)