“ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၆ မြို့နယ်တွင် ရိုဘက်စတာကော်ဖီများကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်စိုက်ပျိုးမည်”

22 Mar

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၆ မြို့နယ်တွင် ဈေးကွက်ရှိပြီးဖြစ်သည့် ရိုဘက်စတာကော်ဖီကို လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ တွံ့တေး၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် စုစုပေါင်းဧက ၁,၀၀၀ ခန့် တစ်ဧကလျှင် ၄၃၅ ပင်နှုန်းဖြင့် လာမည့်မိုးရာသီမှာ စတင်စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း တိုက်ကြီးမြို့နယ်တွင် ဧက ၂၈၀၊ လှည်းကူးမြို့နယ်တွင် ဧက ၅၀၀၊ မှော်ဘီမြို့နယ်တွင် ဧက ၁၀၀၊ တွံ့တေးမြို့နယ် တွင် ဧက ၄၀၊ ကော့မှူးမြို့နယ်တွင် ဧက ၆၀ နှင့် ကွမ်းခြံကုန်းမြို့နယ်တွင် ဧက ၂၀ တို့ဖြင့် ကနဦးစိုက်ပျိုး သွားမှာဖြစ်ပြီး ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ တိုးချဲ့စိုက်ပျိုးသွားရန် လျာထားကြောင်း သိရပါတယ်။ ဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးမှုအဖြစ် ၂၀၂၆-၂၀၂၇ တွင် ဧက ၁,၀၀၀၊ ၂၀၂၇-၂၀၂၈ တွင် ဧက ၂,၅၀၀၊ ၂၀၂၈-၂၀၂၉ တွင် ဧက ၄,၀၀၀၊ ၂၀၂၉-၂၀၃၀ တွင် ဧက ၅,၅၀၀ နှင့် ၂၀၃၀-၂၀၃၁ တွင် ဧက ၇,၃၉၀ အထိ တိုးချဲ့စိုက်ပျိုး သွားမှာဖြစ်ပါတယ်။ ရိုဘက်စတာကော်ဖီပင်အမျိုးအစားက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၅၀၀ အောက် မြေနိမ့်ပိုင်းတွင် စိုက်ပျိုးနိုင်ကာ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကောင်းမွန်သည့် သီးနှံဖြစ်ပါတယ်။ ဒါ့အပြင် ကဖိန်းဓာတ် မြင့်မားမှုကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားမြင့်မားလျက်ရှိပါတယ်။ ကော်ဖီပင်များကို စိုက်ပျိုးပြီး ၃ နှစ်မှ ၄ နှစ် အကြာတွင် အသီးထွက်ရှိပြီး ကော်ဖီစေ့များကို တိုက်ရိုက်ရောင်းချခြင်း၊ စက်ရုံများသို့ ပို့ဆောင်ရောင်းချခြင်းနှင့် ကိုယ်တိုင်ထုတ်လုပ်ရောင်းချခြင်းတို့ဖြင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ဖြန့်ချိနိုင်မှာဖြစ်ပါတယ်။ (NVS 004)

22 Mar

ADVERTISE HERE .