“အီရန်ဒုံးကျည်စခန်းများကို တိုက်ခိုက်ရေးအတွက် ဗြိတိန်စစ်စခန်းများ အမေရိကန်တပ်မတော် သုံးစွဲခွင့်ရ”

22 Mar

ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာနေသည့် သင်္ဘောများကို တိုက်ခိုက်နေသော အီရန်ဒုံးကျည်စခန်းများ ဖျက်ဆီးရေးအတွက် ဗြိတိန်ရှိစစ်စခန်းများကို အမေရိကန်တပ်မတော်က အသုံးပြုခွင့်ရရှိထားကြောင်း မတ်လ ၂၀ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်ဟု Xinhua သတင်းဌာန က ဖော်ပြထားသည်။ အီရန် စစ်ရေးပဋိပက္ခနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရမှုပြဿနာများကို မတ်လ ၁၉ ရက်တွင် ဗြိတိန်ဝန်ကြီးများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲတွင် ဗြိတိန်အစိုးရသည် ဟော်မုဇ်ရေလက် ကြား၌ သင်္ဘောများကိုတိုက်ခိုက်နေသည့် အီရန်ဒုံးကျည်စခန်းများကို ဖျက်ဆီးချေမှုန်းရာတွင် ဗြိတိန်စစ်စခန်းများကို အမေရိကန်တပ်မတော်အား အသုံးပြုခွင့်ပေးရန် သဘောတူခဲ့ကြကြောင်း ဗြိတိန်မီဒီယာများက သတင်းထုတ်ပြန် ထားသည်။ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတမ်မာ သည် ယခင်က အီရန်ကိုတိုက်ခိုက်ရာ၌ ဗြိတိန်စစ်စခန်းများအား အသုံးပြုခွင့်ပေးရန် အမေရိကန်တပ်မတော်၏ မေတ္တာရပ်ခံချက်ကို ငြင်းပယ်ထားသည်။ အီရန်ကို စစ်ရေးအရတိုက်ခိုက်မှုကို ထောက်ခံအားပေးမှုမရှိခဲ့သည့်အတွက် မြောက်အတ္တလန္တိတ်စာချုပ် အဖွဲ့(နေတိုး) အဖွဲ့ဝင်နိုင်ငံများကို သူရဲဘောကြောင်သူများအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဝေဖန် ခဲ့ပြီးနောက် ဗြိတိန်ရှိစစ်စခန်းများကို အမေရိကန်တပ်မတော်ကို အသုံးပြုခွင့်ပေးရန် ဗြိတိန်အစိုးရက သဘောတူ ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့၏ စစ်ရေးအရတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံသည် မဟာဗျူဟာမြောက် ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားကြောင်း သိရသည်။

22 Mar

ADVERTISE HERE .