“ပါလက်စတိုင်းအရေး မဆောင်ရွက်ပေးနိုင်ပါက ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှ နုတ်ထွက်နိုင်ဟု အင်ဒိုနီးရှားပြော”

21 Mar

အမေရိကန်သမ္မတက အဆိုပြုထားသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့(Board of Peace)အနေဖြင့် ပါလက်စတိုင်း အရေး မဆောင်ရွက်ပေးနိုင်ပါက ထိုအဖွဲ့မှနုတ်ထွက်နိုင်ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို ကပြောသည်။ အင်ဒိုနီးရှားသမ္မတ က သတင်းထောက်များနှင့်တွေ့ဆုံစဉ် အင်ဒိုနီးရှားအနေဖြင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ခဲ့ခြင်းမှာ ပါလက်စတိုင်းတို့၏ အကျိုးစီးပွားကို အဖွဲ့အတွင်းမှနေ၍ ဖော်ဆောင်ပေးနိုင်စေရေး မဟာဗျူဟာမြောက် တွက်ချက်မှုကြောင့်ဖြစ်ကြောင်း ပြောထားသည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံက ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်မှုမှာ ကန့်သတ်ချက်များရှိပြီး အမြဲတမ်းပြန်လည် သုံးသပ်နေမည်ဖြစ်ကြောင်း၊ အဖွဲ့၏ရလဒ်များသည် ပါလက်စတိုင်း၏ လွတ်လပ်ရေးအတွက် အဟန့်အတားဖြစ်စေပါက ထိုအဖွဲ့မှနုတ်ထွက်ရန် ဝန်လေးမည်မဟုတ်ကြောင်း ၎င်းက သတိပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် အခြားအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်မလိုဘဲ လွတ်လပ်စွာ နုတ်ထွက်ခွင့်ရှိကြောင်း ပရာဘိုဝို က အလေးပေးပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ဇန်နဝါရီလတွင် ဒါဗို့မြို့၌ စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအများအပြားကမူ ထိုအဖွဲ့တည်ရှိမှုသည် ကုလသမဂ္ဂ၏အခန်းကဏ္ဍကို ထိခိုက်နိုင်သည်ဟု ဝေဖန်ထားသည်။

21 Mar

ADVERTISE HERE .