“ဟော်မုဇ်ရေလက်ကြား၌ အမေရိကန်၏ မဟာမိတ်အဖွဲ့သို့ မပူးပေါင်းရန် ရုရှားသတိပေး”
20 Mar
ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို အစောင့်အရှောက်ပေးရန် အမေရိကန်က ကမ်းလှမ်းထားသည့် မဟာမိတ်အဖွဲ့တွင် ပူးပေါင်းပါဝင်ခြင်းမပြုရန်နှင့် ပါဝင်သောနိုင်ငံများသည် အီရန်အပေါ် အမေရိကန်နှင့်အစ္စရေးတို့၏ ကျူးကျော်မှုတွင် ကြံရာပါများဖြစ်လာမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က မတ်လ ၁၈ ရက်တွင် သတိပေးစကားပြောသည်။ ဟော်မုဇ်ရေလက်ကြား၌ ရေကြောင်းသွားလာမှု ပြန်လည်ကောင်းမွန်စေရန် ဆွေးနွေးပွဲစားပွဲဝိုင်းတွင်သာ အဖြေရှာရမည်ဖြစ်ကြောင်း ရုရှား၏ရပ်တည်ချက်ကို ၎င်းက ထပ်လောင်းပြောဆိုခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ကမ္ဘာ့ရေနံ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းရာ ထိုရေလက်ကြားသို့ စစ်သင်္ဘောများစေလွှတ်ရန် မဟာမိတ်များကို တိုက်တွန်းထားသော်လည်း နိုင်ငံအများစုက ငြင်းပယ်ထားသည်။ အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်း၍ အီရန်နိုင်ငံအပေါ်တိုက်ခိုက်မှုများ လုပ်ဆောင်ရာ အီရန်ကလည်း အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက် သည့်အပြင် ၎င်းတို့ထိန်းချုပ်ထားသော ဟော်မုဇ်ရေလက်ကြားကိုပါ ပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။