“မြန်မာနိုင်ငံသားများ အထူးသတိပေးချက်တစ်ခု ကူဝိတ်ရှိ မြန်မာသံရုံး ထပ်မံအသိပေး”
20 Mar
လက်ရှိ ကူဝိတ်နိုင်ငံအတွင်းနှင့်ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေများအတွင်း ကူဝိတ်အစိုးရမှ စစ်ပွဲ အခြေအနေကို ရိုက်ကူးဖြန့်ဝေမှုများကို စောင့်ကြည့်အရေးယူနေလျက်ရှိကြောင်း ကူဝိတ်ရှိ မြန်မာသံရုံးက မတ်လ ၁၉ ရက်မှာ ထပ်မံထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ ကူဝိတ်အစိုးရက ကူဝိတ်ရှိနေထိုင်သူများကို စစ်ပွဲနှင့်ဆိုင်သော သတင်းများ၊ ဒုံးကျည်နှင့် ဒရုန်းပစ်ခတ်မှု သတင်းနှင့်ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ အပါအဝင် လုံခြုံရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုသွားလာ လုပ်ဆောင်မှုများနှင့် လုံခြုံရေးအဆောက်အအုံများကို မှတ်တမ်းရယူခြင်း၊ ဖြန့်ဝေခြင်း၊ ထပ်ဆင့်ဖြန့်ဝေခြင်းများ မပြုလုပ်ရန်နှင့် အတည်မပြုနိုင်သည့် သတင်းများကို ဖြန့်ဝေခြင်းများမပြုလုပ်ရန် တားမြစ်ထားပါတယ်။ ဒါ့အပြင် ကျူးလွန်သူများကို စောင့်ကြည့်၊ ဖော်ထုတ်ရေး ဆောင်ရွက်လျက်ရှိနေတဲ့အတွက် မြန်မာနိုင်ငံသား များ သိရှိလိုက်နာရန် အသိပေးပြီးဖြစ်ကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ အရေးယူမှုများ ပိုမိုပြုလုပ်လာကြောင်း သိရှိရတဲ့အတွက် အထူးအလေးထားလိုက်နာဆောင်ရွက်ရန် အသိပေးထားပါတယ်။ (NVS 004)