“ပြည်တွင်းဆီစက်များမှ သင်္ကြန်အကြို မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ပဲပုပ်ဆီများ စျေးရောင်းပွဲတော် ကျင်းပမည်”
20 Mar
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း(MEOMA)၏ စီစဉ်ကြီးကြပ်မှုနဲ့ ပြည်တွင်းဆီစက်များမှ ထုတ်လုပ်တဲ့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ပဲပုပ်ဆီများ သင်္ကြန်အကြိုစျေးရောင်းပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သိရပါတယ်။ အဆိုပါဈေးရောင်းပွဲတော်ကို လာမည့် ဧပြီလ ၁ ရက်မှ ၄ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ရုံးရှေ့ နှင့် ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်း၊ ရွှေအုန်းပင်အိမ်ရာရှေ့(ရန်ကင်းဈေးမှတ်တိုင်အနီး)တို့မှာ ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဆီများကို မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဝင်ထားတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ ဆီစက်လုပ်ငန်းရှင် ၁၄ ဦးတို့မှ ပြင်ပဈေးကွက်တွင် ငွေကျပ် ၂၀,၀၀၀ ကျော်ဈေးရှိတဲ့ မြေပဲဆီ တစ်ပိဿာလျှင် ဘူးခွံအပါအဝင် အနိမ့်ဆုံးဈေးနှုန်းငွေကျပ် ၁၈,၅၀၀ နဲ့ လွတ်လပ်စွာရောင်းချပေးမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အသင့်ထည့်သွင်း ထုပ်ပိုးထားသည့် ၂၅ ကျပ်သားပါ ဆီဘူးမှစ၍ ၁၀ ပိဿာဝင်ဘူးများအထိ အရွယ်အစားအစုံ ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် FDA လက်မှတ်ရ ဆီစက်များမှ ရောင်းချပေးမှာဖြစ်တဲ့တွက် စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ (NVS 004)