“ဘားအံစက်မှုဇုန်မှာ လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ စတင်ဖွင့်လှစ်”

20 Mar

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံစက်မှုဇုန်၌ ပြည်နယ်၏လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် ကူဘိုတာတံဆိပ် လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ရှိုင်းထူးကုမ္ပဏီ မှ မတ်လ ၁၈ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါစက်ရုံက မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုငွေကျပ်သန်း ၅,၉၀၀ နဲ့ ကူဘိုတာ တံဆိပ် လက်တွန်းထွန်စက်များ၊ လယ်ယာသုံးစက်ပစ္စည်းများကို SKD စနစ်နဲ့တပ်ဆင်ထုတ်လုပ်ပြီး မြန်မာတစ်နိုင်ငံ လုံးသို့ ပို့ဆောင်ဖြန့်ချီသွားမည်ဖြစ်ကြောင်း သိရပါတယ်။ စက်ရုံဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတက်ရောက်ကာ စက်ရုံဆိုင်းဘုတ်အားစက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီးနောက် စက်ရုံအတွင်း Engine Assembly Line မှာ ကူဘိုတာအင်ဂျင်များတပ်ဆင်ထုတ်လုပ်နေမှု၊ Power Tiller Assembly Line မှာ လက်တွန်းထွန်စက် Power Tiller များတပ်ဆင်ထုတ်လုပ်နေမှု၊ တပ်ဆင် ထုတ်လုပ်ပြီး လယ်ယာသုံးစက်ပစ္စည်းများ၊ AImega (စက်ရုပ်လက်)ဖြင့် လက်တွန်းထွန်စက်၏ တွဲဘက်ပစ္စည်းများ၊ လယ်ယာသုံးကိရိယာများ တပ်ဆင်ထုတ်လုပ်မှုတို့ကို ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် ကုမ္ပဏီတာဝန်ရှိသူများက ရှိုင်းထူးကုမ္ပဏီမှ တပ်ဆင်ထုတ်လုပ်တဲ့ လက်တွန်းထွန်စက် ၁ စီးကို ပြည်နယ်ဝန်ကြီးချုပ်ထံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဘားအံစက်မှုဇုန်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုနှင့် SME များရင်းနှီးမြှုပ်နှံမှုအမျိုးမျိုးတို့အတွက်အုပ်စု ၄ စုခွဲ၍ စက်ရုံအလုပ်ရုံများကောင်းမွန်စွာ လည်ပတ်လုပ်ကိုင်နိုင်ရန် Infrastructure လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် ဓာတ်အားရရှိရေး၊ ရေရရှိရေးတို့ကို ဖြည့်ဆည်းပေးထားရာ ယခုအခါဘားအံစက်မှုဇုန်မှာ လည်ပတ်စက်ရုံ ၅၄ ရုံရှိပြီး တည်ဆောက်ဆဲစက်ရုံ ၂၈ ရုံရှိကြောင်း ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။ (NVS 004)

20 Mar

ADVERTISE HERE .