“မန္တလေးသင်္ကြန် ၂၀၂၆ ကို နန်းမြို့ကျုံးပတ်လည်မဏ္ဍပ် ၄၀ ကျော်နဲ့ စည်ကားစွာကျင်းပမည်”

20 Mar

၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မန္တလေးမြို့မှာ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အတွက် ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိပြီး နန်းမြို့ကျုံးပတ်လည်မှာ မဏ္ဍပ်ပေါင်း ၄၀ ကျော် တည်ဆောက်သွားမှာ ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ ယခုနှစ်သင်္ကြန်ပွဲတော်မှာ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များပါဝင်တဲ့ မဏ္ဍပ်များကို တည်ဆောက်သွားမည်ဖြစ်ပြီး ၂၆ လမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ထင်ရှားပေါ်လွင်စေရန် သနပ်ခါးနှင့်လက်ဖက်ဆိုင်ရာ ဂုဏ်ပြုအစီအစဉ်များ၊ လောင်းလှေများ၊ စဉ့်အိုးများနှင့် အုန်းလက်မဏ္ဍပ်များဖြင့် ရိုးရာပုံစံရေကစားနိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။ ဗဟိုမဏ္ဍပ်ကြီးမှာ သင်္ကြန်အကြိုနေ့ဖွင့်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး နာမည်ကြီးအဆိုတော်များ၏ ဖျော်ဖြေမှု များ၊ ကျောင်းသားကျောင်းသူများ၏ ယိမ်းအကတင်ဆက်မှုများနှင့် အလှပြယာဉ်ပြိုင်ပွဲများ ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ယိမ်းအကအဖွဲ့ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ်သင်္ကြန်ပွဲတော်အတွင်း ဓာတ်ပုံပြိုင်ပွဲများကို ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မတ်လ ၁၈ ရက်မှာ ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။ အဆိုပါအစည်းအဝေးသို့ မန္တလေးမြို့တော်ဝန်နှင့် သက်ဆိုင်ရာကော်မတီများ တက်ရောက်ကာ တာဝန်ခွဲဝေချထားခဲ့ကြောင်း သိရပါတယ်။(NVS 004)

20 Mar

ADVERTISE HERE .