“၂၀၂၅ ပညာသင်နှစ်အထိ ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့ရရှိသူ ၇၂၄ ဦးမွေးထုတ်နိုင်ခဲ့”

20 Mar

ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့သင်တန်းကို ၂၀၀၂ – ၂၀၀၃ ပညာသင်နှစ်မှစတင်ဖွင့်လှစ်ခဲ့ရာ ၂၀၂၅ ပညာသင်နှစ်အထိ ဒီပလိုမာဘွဲ့ရရှိသူ စုစုပေါင်း ၇၂၄ ဦးကို မွေးထုတ်ခဲ့နိုင်ခဲ့ကြောင်း ကျန်းမာရေး၊ လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်းက ပြောကြားခဲ့ပါတယ်။ မတ်လ ၁၈ ရက်က ၂၀၂၆ ပညာသင်နှစ် ဆေးပညာသင်ကြားရေးဒီပလိုမာ Diploma in Medical Education (Dip.Med.Ed) ဘွဲ့လွန်သင်တန်းအမှတ်စဉ်(၂၁) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါဆေးပညာသင်ကြားရေးဒီပလိုမာသင်တန်းက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ် များ၊ ဆေးပညာနှီးနွယ်တက္ကသိုလ်များနှင့် ဆေးရုံများမှာ ဆေးလက်တွေ့သင်ကြားရေးတာဝန် ထမ်းဆောင်နေသူများ အတွက် ရည်ရွယ်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်တဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။ သင်တန်းအတွင်း Communication Skills , Ethics and Professionalism, Educational Workshop, Educational Research, Educational Leadership Skills စသည်များကို လေ့လာသင်ကြားရမှာဖြစ်ပါတယ်။ ပါမောက္ခ ဒေါက်တာတင်ထွန်း က ဆေးပညာသင်ကြားရေးနှင့်ပတ်သက်တဲ့ Quality Culture တစ်ခုကို ခိုင်မာစွာပြု စုပျိုးထောင်ကြရန်လိုအပ်ကြောင်း၊ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များ၏ရည်မှန်းချက်များ၊ စံတန်ဖိုးများ၊ ကောင်းမွန် သောအစဉ်အလာများအားလုံးကို ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအားလုံးက ဂုဏ်ယူတန်ဖိုးထားလေးစား လိုက်နာပြီး မြင့်မြတ်သော Noble Professions များပီသစွာ ဆောင်ရွက်သွားကြရန်မှာကြားခဲ့ပါတယ်။ ဆေးပညာသင်ကြားရေးဒီပလိုမာ ဘွဲ့လွန်သင်တန်းအမှတ်စဉ်(၂၁)၏ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၁၈ ရက်မှ မတ်လ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ Module Supervisor များ၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ၊ သင်တန်းသို့ တက်ရောက်ရန် ရွေးချယ်ခံရသော သင်တန်းသား သင်တန်းသူ ၃၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

20 Mar

ADVERTISE HERE .