“စစ်ပွဲအဆင့်သစ်သို့ ရောက်ရှိ၊ အမေရိကန်နှင့်သက်ဆိုင်သည့် ရေနံအဆောက်အဦများအား အီရန် တန်ပြန် တိုက်ခိုက်၍ မီးရှို့ဖျက်ဆီး”

19 Mar

True Promise-4 စစ်ဆင်ရေး၏ (၆၃)ကြိမ်မြောက် ထိုးစစ်ဆင်နွှဲလိုက်ပြီဖြစ်ကြောင်း၊ လက်စားချေ လက်တုံ့ ပြန်သည့်အနေဖြင့် အမေရိကန်နှင့်သက်ဆိုင်သည့် ရေနံအဆောက်အဦများအား မီးရှို့ဖျက်ဆီးလိုက်ကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်(IRGC)က မတ်လ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ အီရန်နှင့် အမေရိကန်၊ အစ္စရေး၏စစ်ပွဲသည် အဆင့်သစ်သို့ရောက်ရှိပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။ တိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နှင့်ဆက်စပ်သည့် ရေနံအဆောက်အဦများကို အီရန်ဘက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ထိပ်ဖူးများစွာပါဝင်သည့် ဒုံးကျည် တစ်စင်းသည်လည်း အစ္စရေးနိုင်ငံတောင်ပိုင်းရှိ စစ်ရေးဖြန့်ကြက်မှုစင်တာကို ထိမှန်ခဲ့ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။ အီရန်အနေဖြင့် မူလက စစ်ပွဲကို ရေနံအဆောက်အဦများအထိ တိုးချဲ့လိုခြင်းမရှိသလို၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းနိုင်ငံများ၏ စီးပွားရေးကိုထိခိုက်စေရန် ရည်ရွယ်လိုခြင်းမရှိကြောင်း၊ ရန်သူဘက်က အီရန်စွမ်းအင် အခြေခံအဆောက်အဦများကို တိုက်ခိုက်ခြင်းကြောင့် မိမိတို့အနေဖြင့် စစ်ပွဲ၏အဆင့်သစ်ကို အမှန်တကယ် ရောက်ရှိသွားရခြင်းဖြစ်ကြောင်း၊ အီရန်၏ အခြေခံအဆောက်အဦများကို ကာကွယ်ထိန်းသိမ်းရန်အတွက် အီရန် အနေဖြင့် အမေရိကန်နှင့် အမေရိကန်ရှယ်ယာပိုင် သက်ဆိုင်ရာစွမ်းအင်အဆောက်အဦများကို မဖြစ်မနေတိုက်ခိုက် ရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အီရန် စွမ်းအင်အခြေခံအဆောက်အဦများကို တိုက်ခိုက်ခြင်းသည် ကြီးမားသည့် မှားယွင်းမှုဖြစ်ကြောင်း အမေရိကန်နှင့် အစ္စရေးတို့အား ကြေညာချက်တွင် သတိပေးထားသည်။ အကယ်၍ ဤကဲ့သို့သော ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားပါက အီရန်အနေဖြင့် ခင်ဗျားတို့နဲ့ ခင်ဗျားတို့ မဟာမိတ်တွေရဲ့ စွမ်းအင်အခြေခံအဆောက်အဦတွေကို အလုံးစုံ ပျက်သုဉ်းတဲ့အထိ ဆက်တိုက်တိုက်ခိုက်သွားမှာဖြစ်တယ်၊ တုံ့ပြန်မှုကလည်း ပိုပြီးပြင်းထန်လိမ့်မယ် ဟု ကြေညာချက် တွင် သတိပေးထားသည်။ အစ္စရေးမီဒီယာများ၏ မတ်လ ၁၈ ရက် သတင်းများအရ အစ္စရေးလေတပ်သည် အီရန်နိုင်ငံတောင်ပိုင်း Bushehr မြို့ရှိ အီရန်၏ အဓိကသဘာဝဓာတ်ငွေ့ အဆောက်အဦကို ယင်းနေ့တွင်တိုက်ခိုက်ခဲ့ကြောင်းနှင့် အီရန်၏ အခြားအခြေခံအဆောက်အဦများကိုလည်း တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်း သိရသည်။ ကာတာစသည့် နိုင်ငံများက အီရန်၏တိုက်ခိုက်မှုအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကြောင်း မတ်လ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်မီဒီယာများ၏ သတင်းများအရ အစ္စရေး၏ ယခုအကြိမ်တိုက်ခိုက်မှုကို အမေရိကန်သမ္မတ ထရမ့် က ကြိုတင်သိရှိကြောင်းနှင့် ထောက်ခံကြောင်း၊ အဆိုပါတိုက်ခိုက်မှုအား အီရန်က ဟော်မုဇ်ရေလက်ကြားကို လက်တွေ့ပိတ်ဆို့ခြင်းနှင့်စပ်လျဉ်း၍ အီရန်အစိုးရအပေါ် သတိပေးချက်အဖြစ် ရှုမြင်ကြောင်းသိရသည်။ သို့သော် မကြာမီတွင်ပင် ထရမ့် က လူမှုကွန်ရက်မီဒီယာ၌ အီရန်ရေနံနှင့် သဘာဝဓာတ်ငွေ့အဆောက်အဦများကို အစ္စရေး တိုက်ခိုက်ခြင်းအပေါ် အမေရိကန်အနေဖြင့် လုံးဝဥဿုံမသိရှိရကြောင်း၊ ကာတာနိုင်ငံအနေဖြင့်လည်း တိုက်ခိုက်မှု တွင် မည်သည့်ပုံစံနှင့်မျှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

19 Mar

ADVERTISE HERE .