“အရှေ့အလယ်ပိုင်းဒေသ၌ အရပ်ဘက် အခြေခံအဆောက်အအုံများအား တိုက်ခိုက်မှုများ ရပ်တန့်ရန် မက်ခရွန် တိုက်တွန်း”
19 Mar
လတ်တလောဖြစ်ပွားနေသည့် အီရန်စစ်ပွဲအတွင်း အထူးသဖြင့် စွမ်းအင်နှင့်ရေပေးဝေရေး အဆောက် အအုံများအပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံများအား စစ်ရေးအရတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် က မတ်လ ၁၉ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။ အီရန်နှင့် ကာတာနိုင်ငံတို့ရှိ ဓာတ်ငွေ့ထုတ်လုပ်သည့် အဆောက်အအုံများကို ထိမှန်ခဲ့သည့် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ကာတာနိုင်ငံစော်ဘွား ရှိတ်ခ် တာမင် ဘင်ဟာမက် အယ်လ်သနီ တို့နှင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း မက်ခရွန် က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ကာ အဆိုပါတိုက်ခိုက်မှုများ ရပ်တန့်ရေးကို အမြန်ဆုံးအကောင်အထည်ဖော်ခြင်းမှာ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိကြောင်း ပြောကြားခဲ့သည်။ အရပ်သားများနှင့် ၎င်းတို့၏ အခြေခံလိုအပ်ချက်များ၊ စွမ်းအင်ထောက်ပံ့မှုဆိုင်ရာ လုံခြုံမှုတို့ကို စစ်ရေးအရှိန် မြင့်တက်မှုမှ အကာအကွယ်ပေးရမည်ဖြစ်ကြောင်း မက်ခရွန် က အလေးအနက်ပြောကြားခဲ့သည်။ ကာတာပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံပိုင် QatarEnergy ကုမ္ပဏီတို့က ရက်စ် လက်ဖန် စက်မှုမြို့မှာ ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရသည့်အတွက် မီးလောင်ကျွမ်းမှုများနှင့် ထိခိုက်ပျက်စီးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ကြောင်း မတ်လ ၁၈ ရက်က ပြောကြားခဲ့သည်။ ယင်းနေ့အစောပိုင်းတွင် အစ္စရေးလေတပ်က အီရန်နိုင်ငံတောင်ပိုင်း ဘူရှာမြို့ရှိ အီရန်၏အဓိက သဘာဝ ဓာတ်ငွေ့ထုတ်လုပ်သည့် အဆောက်အအုံအား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုအား အမေရိကန် အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးနိုင်ငံပိုင်ရုပ်သံ Kan TV News က ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်က ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ကာတာနိုင်ငံတို့ရှိ ရေနံထုတ်လုပ်ရေး အဆောက်အအုံများမှ ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ (Repost from Xinhua Myanmar)