“MNL ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ၆ ကြိမ်ဆက် ချန်ပီယံဖြစ်လာတဲ့ ရှမ်းယူနိုက်တက်အသင်း”
19 Mar
ရှမ်းယူနိုက်တက်အသင်းဟာ ယခု ၂၀၂၅-၂၀၂၆ ရာသီ MNL ပြိုင်ပွဲမှာ ဗိုလ်စွဲသွားခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် (၇)ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ပြီး (၆)ကြိမ်ဆက် ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ယခုရာသီ MNL ပြိုင်ပွဲအတွက် ချန်ပီယံထွက်ပေါ်မယ့် နောက်ဆုံးပွဲစဥ်(၂၂)မှာ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်း ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ရမှတ် ၁ မှတ်အသာနဲ့ ရန်ကုန်ယူနိုက်တက်အသင်းအပေါ် အမှတ်ပေးဇယားထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအပြီးမှာ ရှမ်းယူနိုက်တက်အသင်းက ၂၂ ပွဲကစား ၁၈ ပွဲနိုင်၊ ၄ ပွဲသရေ၊ ရှုံးပွဲမရှိ၊ ရမှတ် ၅၈ မှတ်နဲ့ ယခုရာသီ MNL ပြိုင်ပွဲ ချန်ပီယံဆုဖလားကို ရှုံးပွဲမရှိစံချိန်နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ MNL ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄- ၂၀၂၅၊ ၂၀၂၅-၂၀၂၆ ရာသီများမှာ ဗိုလ်စွဲထားခဲ့တာကြောင့် ချန်ပီယံဆု(၇)ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ (NVS 008)