“အစ္စရေးတပ်မတော် လေကြောင်းတိုက်မှုကြောင့် အီရန်လုံခြုံရေးကောင်စီအကြီးအကဲသေဆုံး”

19 Mar

အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီလာရီဂျာနီ သည် အမေရိကန်နှင့် အစ္စ‌‌ရေးနိုင်ငံတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း အီရန်အစိုးရမီဒီယာများက အတည်ပြု သတင်းထုတ်ပြန်ထားသည်။ အသက် ၆၇ နှစ်ရှိ အလီလာရီဂျာနီ သည် တီဟီရန်မြို့ အရှေ့ဘက်ဆင်ခြေဖုံးဒေသရှိ သမီးဖြစ်သူထံ အလည်ရောက်ရှိနေစဉ် အမေရိကန်နှင့်အစ္စရေးနိုင်ငံတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အီရန်အစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီရန်လုံခြုံ‌ရေးကောင်စီအတွင်းရေးမှူး အလီလာရီဂျာနီ သည် အီရန်၏ လုံခြုံရေးမူဝါဒကို‌ ရေးဆွဲချမှတ်သူ ဖြစ်ပြီး ကွယ်လွန်သူ အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ ၏ လူယုံတော်အကြံပေးလည်း ဖြစ်သည်။ အလီလာရီဂျာနီ သေဆုံးခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံက အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ဗုံးပဒေသာထိပ်ဖူးများ တပ်ဆင်ထားသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အီရန်တာဝန်ရှိသူက ပြောကြားထားသည်။ အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် တဲလ်အဗစ်မြို့အနီး လူနေဒေသ၌ အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း အစ္စ‌ရေးအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ သည်လည်း အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့၏ ဖေဖော်ဝါရီလ ၂၈ ရက် လေကြောင်းတိုက်ခိုက်မှုူကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

19 Mar

ADVERTISE HERE .