“အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် Jeng Phang နော်တောင်တို့ကို ရွေးကောက်တင်မြှောက်”c
19 Mar
တတိယအကြိမ် အမျိုးသားလွှတ်တော်ပထမပုံမှန်အစည်းအဝေး မတ်လ ၁၈ ရက်နံနက် ၁၀ နာရီမှာ နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမမှာ စတင်ကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ် များနှင့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါတယ်။ ဦးစွာအစည်းအဝေးသို့ တက်ရောက်လာကြတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက်တင်မြှောက်ခြင်းပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့် က ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ အား သဘာပတိအဖြစ် အဆိုတင်သွင်းပြီး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)မှ ဒေါ်နီနီမာ က ထောက်ခံသည့်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ကို သဘာပတိအဖြစ် တင်မြှောက်ကြောင်း အခမ်းအနားမှူးက ကြေညာခဲ့ပါတယ်။ အဲဒီနောက် သဘာပတိ ဒေါ်ဒွဲဘူ က အမျိုးသားလွှတ်တော်၏ ရှေ့မှောက်၌ သဘာပတိအဖြစ် ကတိသစ္စာ ပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကာ နှုတ်ခွန်းဆက်စကား ပြောကြားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးကြပါတယ်။ ဆက်လက်၍ သဘာပတိက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို စတင် ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေး နှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် Jeng Phang နော်တောင် တို့ကို တင်မြှောက် ကြောင်း သဘာပတိကကြေညာခဲ့ပါတယ်။ ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရသည့် ဦးအောင်လင်းဒွေး နှင့် Jeng Phang နော်တောင် တို့က သဘာပတိ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ (NVS 004)