“ပြင်ဆင်လိုက်သည့် ဥပဒေအရ နေ့စဉ်တရားခွင်ဆောင်ရွက်ချိန်တွင် တရားသူကြီးများ ကတိသစ္စာပြုရန် မလို”
19 Mar
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်လိုက်သဖြင့် တရားသူကြီးများက နေ့စဉ်တရားခွင်တက်ရန် စတင် ဆောင်ရွက်တဲ့အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် မလိုအပ်တော့ကြောင်း သိရပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်တဲ့ဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ဥပဒေအမှတ် ၂ဝ/၂ဝ၂၆ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးထားကာ မတ်လ ၁၈ ရက်မှာ ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပါတယ်။ အဆိုပါပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ)မှာ ပုဒ်မခွဲငယ် ၂ ခွဲငယ်(၁)အရ “ရွေးချယ် ခန့်ထားခြင်း ခံရတဲ့တရားသူကြီးများက နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်တဲ့အချိန်မှာ တရားခွင်ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်။ တရားသူကြီးများက ဥပဒေတစ်ရပ်ရပ်အရ ကျမ်းသစ္စာ ပြုရန် ကင်းလွတ်ခွင့်ရှိသူဖြစ်ပါက ကတိသစ္စာပြုရန်စီစဉ်ဆောင်ရွက်ရမည်” ဟုပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။ ယခုအခါ ၎င်းပြဋ္ဌာန်းချက်ကို ပယ်ဖျက်လိုက်တာကြောင့် တရားသူကြီးများက နေ့စဉ်တရားခွင်တက်ရန် စတင် ဆောင်ရွက်တဲ့အချိန်မှာ တရားခွင်မှာ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် လိုအပ်မည်မဟုတ်ကြောင်း ထုတ်ပြန် ချက်အရ သိရပါတယ်။ (NVS 004)