“ယူကရိန်းက အရှေ့အလယ်ပိုင်းဒေသသို့ ဒရုန်းတိုက်ဖျက်ရေးပညာရှင် ၂၀၀ ကျော်စေလွှတ်ခဲ့ဟု ဇယ်လန်းစကီး ပြောကြား”
18 Mar
ယူကရိန်းက အရှေ့အလယ်ပိုင်းဒေသသို့ ဒရုန်းတိုက်ဖျက်ရေးဆိုင်ရာ စစ်ဘက်ပညာရှင် ၂၀၁ ဦး စေလွှတ် ပြီးဖြစ်ရာ အီရန်ဒီဇိုင်းဆွဲထားသည့် “Eyewitness” စီးရီးဒရုန်းများကို ရင်ဆိုင်ဖြေရှင်းရန် သက်ဆိုင်ရာနိုင်ငံများကို ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ အခြား ၃၄ ဦးကိုလည်း စီမံဖြန့်ကြက်ရန် အသင့်ပြင်ထားပြီဖြစ်ကြောင်း ယူကရိန်း သမ္မတ ဇယ်လန်းစကီး က မတ်လ ၁၇ ရက် ဗြိတိန်လွှတ်တော်ဟောပြောပွဲတွင် ပြောကြားခဲ့သည်။ ယင်းပုဂ္ဂိုလ်များသည် မည်သို့ကူညီပံ့ပိုးရမည်ကိုလည်းကောင်း၊ “Eyewitness”စီးရီးဒရုန်းများကို မည်သို့ ကာကွယ်ရမည်ကိုလည်း သိရှိကြသည့် စစ်ဘက်ပညာရှင်များဖြစ်ကြောင်း၊ ယူကရိန်းအဖွဲ့သည် လက်ရှိ ယူအေအီး၊ ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံများတွင် လုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အခြားသူများမှာ ကူဝိတ်သို့ သွားရောက်နေကြောင်း ဇယ်လန်းစကီး က ပြောကြားခဲ့သည်။ ယူကရိန်းသည် လက်ရှိတွင် ကြားဖြတ်ဟန့်တားနိုင်သည့်ဒရုန်းကို နေ့စဉ် အစင်းရေ ၂,၀၀၀ ကျော်ခန့် ထုတ်လုပ်နိုင်စွမ်းရှိပြီး ၎င်းအနက် ထုတ်လုပ်မှုစွမ်းရည်ထက်ဝက်ကို မဟာမိတ်များထံ ပံ့ပိုးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဇယ်လန်းစကီး ၏ ဟောပြောမှုတွင် ခေတ်မီကာကွယ်ရေးအင်အားကို မဟာမိတ်နှင့် ယူကရိန်း အတူတကွ တည်ဆောက်ရန်လည်း တိုက်တွန်းထားသလို လက်တွေ့စစ်ပွဲအတွေ့အကြုံများကို ယူကရိန်းအနေဖြင့် မျှဝေသွားလို ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းအနေဖြင့် ရေအောက်မောင်းသူမဲ့ရေယာဉ်နှင့် ပင်လယ်သမုဒ္ဒရာပတ်ဝန်းကျင်၌ လည်ပတ်နိုင်သည့် လူမဲ့စက်ပစ္စည်းများကို သုတေသနပြုထုတ်လုပ်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးက ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်အပေါ် အကြီးစားစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ အီရန်က ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းများအသုံးပြု၍ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်အခြေစိုက်စခန်းစသည့် ပစ်မှတ်များကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်းနိုင်ငံအချို့ ဂယက်ရိုက်ခတ်မှု ဒဏ်ခံခဲ့ရသည်။ (Repost from Xinhua Myanmar)