“အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်ဒုံးကျည်စခန်းများကို ဗုံးကြဲတိုက်ခိုက်”

18 Mar

အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားအနီး အီရန်ကမ်းရိုးတန်းတစ်လျှောက်ရှိ အီရန်၏ ဒုံးကျည် အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်က မတ်လ ၁၇ ရက်၌ X ဆိုရှယ်မီဒီယာ မှတစ်ဆင့် ပြောကြားခဲ့သည်။ “ပြီးခဲ့တဲ့ နာရီပိုင်းက အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ဟော်မုဇ်ရေလက်ကြားအနီးမှာရှိတဲ့ အီရန်ကမ်းရိုးတန်း တစ်လျှောက်က အခိုင်အမာတည်ဆောက်ထားတဲ့ အီရန်ဒုံးကျည်အခြေစိုက်စခန်းတွေကို ပေါင် ၅,၀၀၀ အလေးချိန်ရှိ ခွင်းအားပြင်းလက်နက် အများအပြားအသုံးပြုပြီး အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်” ဟု အဆိုပါ ကွပ်ကဲမှုဌာနချုပ်က ပြောသည်။ “အဲဒီစခန်းတွေမှာရှိတဲ့ အီရန်ရဲ့ သင်္ဘောဖျက်ခရုစ်ဒုံးကျည်တွေဟာ ဟော်မုဇ်ရေလက်ကြားမှာ နိုင်ငံတကာ သင်္ဘောတွေ ဖြတ်သန်းသွားလာမှုကို အန္တရာယ်ပေးနေခဲ့တာပါ” ဟု ယင်းကွပ်ကဲမှုဌာနချုပ်က ဖြည့်စွက်ပြောကြား ခဲ့သည်။ အမေရိကန်အနေဖြင့် အီရန်အား တိုက်ခိုက်မှုများလုပ်ဆောင်နေသည်မှာ တတိယမြောက် သီတင်းပတ်ထဲသို့ ရောက်ရှိလာပြီဖြစ်သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကမူ တိုက်ခိုက်မှုများကို အဆုံးသတ်ရန် အသင့် မဖြစ်သေးဟု မတ်လ ၁၇ ရက် အစောပိုင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားတစ်လျှောက် ပူးတွဲအစောင့်အရှောက်မစ်ရှင် ဖော်ဆောင်ရေးအတွက် ၎င်း၏ တောင်းဆိုမှုကို နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်၏ မဟာမိတ်အများစုက လက်မခံကြကြောင်း ထရမ့် က ဝန်ခံခဲ့ပြီး နေတိုးအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိသော်လည်း အမေရိကန်အနေဖြင့် မည်သူ့အကူအညီကိုမျှ မလိုအပ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ ဂျပန်၊ ဩစတြေးလျနှင့် တောင်ကိုရီးယားတို့ကလည်း ၎င်း၏တောင်းဆိုမှုကို ပယ်ချခဲ့သည်ဟု ထရမ့်က ဆိုသည်။ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်-ဘာဂါ ဂါလီဘက်ဖ် က ဟော်မုဇ်ရေလက်ကြားသည် စစ်ပွဲမတိုင်မီက အခြေအနေသို့ ပြန်ရောက်နိုင်မည်မဟုတ်ဟု မတ်လ ၁၇ ရက်က X ဆိုရှယ်မီဒီယာတွင် ပို့စ်တင်၍ ပြောကြားခဲ့ပြီး အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ ဟော်မုဇ်ရေလက်ကြား အလုံးစုံပိတ်သွားပါက အရှေ့အလယ်ပိုင်းဒေသရှိ ရေနံထုတ်လုပ်သူများအနေဖြင့် ရေနံထုတ်လုပ်မှုကို ရက်ပေါင်း ၂၅ ရက်ထက်ပို၍ ထိန်းထားနိုင်မည်မဟုတ်ဟု ဂျေပီမော်ဂန်ဘဏ်၏ လတ်တလော အစီရင်ခံစာ၌ လေ့လာသုံးသပ်သူများက သတိပေးထားသည်။ ဆော်ဒီအာရေဗျ၊ အီရတ်၊ ကာတာနှင့် ယူအေအီးတို့သာမက အီရန်ကိုယ်၌ပင်လျှင် ၎င်းတို့၏ ရေနံစိမ်းတင်ပို့မှု အတွက် ကျဉ်းမြောင်းသည့် အဆိုပါရေလက်ကြားကို အားထားနေရခြင်းကြောင့်ဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီ ကမူ အမေရိကန်၊ အစ္စရေးနှင့် ၎င်းတို့၏ မဟာမိတ်များ ပိုင်ဆိုင်သည့် သင်္ဘောများမှအပ နိုင်ငံတကာသင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရန် ဟော်မုဇ်ရေလက်ကြားကို ဖွင့်ထားဆဲဖြစ်သည်ဟု လွန်ခဲ့သောသီတင်းပတ်က အမေရိကန်မီဒီယာသို့ ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီလ ၂၈ ရက်၌ အီရန်အား တိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းသွားလာမှုများကို ထိခိုက်စေသည့်အတွက် ရေနံဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ကာ ကမ္ဘာ့စီးပွားရေးအပေါ် ဂယက်ရိုက်မှုများ ဖြစ်ပွားခဲ့သည်။ (Repost from Xinhua Myanmar)

18 Mar

ADVERTISE HERE .