“အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံတိုက်တွန်း”

18 Mar

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးအနေဖြင့် တည်ငြိမ်အေးချမ်းစွာ ဆက်လက်နေထိုင်ပြီး ထိန်းထိန်းသိမ်းသိမ်း ပြုမူခြင်းကိုကျင့်သုံးကာ အမြန်ဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး၍ အပစ်အခတ်ရပ်စဲမှု ဆောလျင်စွာရရှိရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့် က မတ်လ ၁၇ ရက်၌ ပြောကြားခဲ့သည်။ မကြာသေးမီက အာဖဂန်နစ္စတန်-ပါကစ္စတန် ပဋိပက္ခများနှင့်ပတ်သက်သည့် မေးခွန်းများအား ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ဖြေကြားရာ၌ လျင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းနှစ်နိုင်ငံ အနေဖြင့် ကွဲပြားမှုများနှင့် အငြင်းပွားမှုများကို ဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းသင့်ကြောင်းလည်း ပြောကြားခဲ့ သည်။ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး အချင်းချင်းခွဲခြား၍မရကြောင်း ထောက်ပြကာဆွေးနွေးမှုနှင့် တိုင်ပင်ညှိနှိုင်းမှုကသာ ၎င်းတို့၏ပြဿနာများကို ဖြေရှင်းရန်တစ်ခုတည်းသော ထိရောက်သည့်နည်းလမ်းဖြစ်ကြောင်း လျင် က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသားဝန်ထမ်းများ၊ စီမံကိန်းများနှင့် အဖွဲ့အစည်းများ၏ ဘေးကင်းရေးကို သေချာစေရန် တရုတ် နိုင်ငံက အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့အား တိုက်တွန်းထားကြောင်း လျင် က ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ကိုယ်ပိုင်လမ်းကြောင်းများမှတစ်ဆင့် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အကြား တင်းမာမှုများ ပြေလျော့စေရန်နှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် အကျိုးပြုသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည် ဟုလည်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

18 Mar

ADVERTISE HERE .