“အာဖဂန်နစ္စတန်ရှိဆေးရုံကို ပါကစ္စတန်လေတပ်ကတိုက်ခိုက်မှု သေဆုံးသူအယောက် ၄၀၀ အထိရှိဟုဆို”

18 Mar

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ရှိဆေးရုံတစ်ရုံကို ပါကစ္စတန်လေတပ်က တိုက်ခိုက်ရာ လူ ၄၀၀ ထက်မနည်း သေဆုံးကြောင်း အာဖဂန်တာဝန်ရှိသူတစ်ဦးက မတ်လ ၁၇ ရက်တွင်ပြောသည်။ ပါကစ္စတန်လေတပ်သည် မတ်လ ၁၆ ရက်ည ၉ နာရီဝန်းကျင်တွင် ကဘူးမြို့ရှိ အိုမစ်မူးယစ်ဆေးဖြတ် ကုသရေးဆေးရုံကို လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၂၅၀ ခန့်ရှိကြောင်း အာဖဂန်အစိုးရ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာဖီထရတ်က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သည်။ ပါကစ္စတန်၏တိုက်ခိုက်မှုကြောင့် အဆိုပါခုတင် ၂၀၀၀ ဆံ့ဆေးရုံမှာ အကြီးအကျယ်ပျက်စီးသွားပြီး သေဆုံး သူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း ၎င်းက သတိပေးထားသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက မီးငြိမ်းသတ်ခြင်းနှင့် ရုပ်အလောင်းများ ရှာဖွေခြင်း တို့ကို ဆောင်ရွက်နေသည်။ သို့သော်ပါကစ္စတန်အစိုးရက အာဖဂန်အစိုးရ၏ ပြောဆိုချက်ကို ငြင်းဆိုထားပြီး နည်းပညာပစ္စည်းသိုလှောင်ရုံနှင့် လက်နက်တိုက်များကဲ့သို့ စစ်ဘက်ဆိုင်ရာအဆောက်အအုံနှင့် အကြမ်းဖက်သမား များ၏ အခြေခံအဆောက်အဦများကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ပြီးခဲ့သည့် လကုန်ပိုင်း မှစ၍ နှစ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့အကြား တင်းမာမှုများ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

18 Mar

ADVERTISE HERE .