“ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေး ကူညီရန်ငြင်းပယ်သည့် အနောက်အုပ်စုမိတ်ဖက်နိုင်ငံများကို သမ္မတ ဒေါ်နယ်ထရမ့် ဝေဖန်”

18 Mar

ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေး ကူညီရန်ငြင်းပယ်သည့် အနောက်အုပ်စုမိတ်ဖက်နိုင်ငံများကို သမ္မတ ဒေါ်နယ်ထရမ့် က မတ်လ ၁၆ ရက်တွင် ပြင်းထန်စွာဝေဖန်ပြောကြားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြ ထားသည်။ ဟော်မုဇ်ရေလက်ကြားဖြတ်သင်္ဘောများ လုံခြုံရေးအတွက် စစ်သင်္ဘောများစေလွှတ်ပေးရေး အမေရိကန် အစိုးရ ၏ တောင်းဆိုချက်ကို အနောက်အုပ်စုနိုင်ငံအများအပြားက ငြင်းပယ်ခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့် က ထိုသို့ ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အစိုးရ၏ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအစီအစဉ်ကို ကူညီရေးအတွက် စစ်သင်္ဘောများ စေလွှတ်ရန် လက်ရှိတွင် အစီအစဉ်မရှိကြောင်း ဂျာမနီ၊ စပိန်၊ အီတလီ အပါအဝင် အနောက်အုပ်စု မိတ်ဖက်နိုင်ငံ အများအပြားက မတ်လ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးတွင်ကူညီရန် အချို့နိုင်ငံများက လှိုက်လှိုက်လှဲလှဲရှိကြကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားထားသည်။ သို့ရာတွင် အမေရိကန်အစိုးရက နှစ်ပေါင်းများစွာအကူအညီပေးခဲ့ သည့် နိုင်ငံအချို့ကမူ ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးကို အကူအညီပေးရန် စိတ်အားထက်သန်မှု မရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြောကြားခဲ့သည်။ အမေရိကန်နှင့်အစ္စရေးနိုင်ငံတို့က အီရန်နိုင်ငံကို စစ်ရေးအရတိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံနှင့် ဓာတ်ငွေ့ ထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ပုံမှန်ဖြတ်သန်းနေသည့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ခဲ့ရပြီး နိုင်ငံတကာ စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခဲ့ရကြောင်း သိရသည်။

18 Mar

ADVERTISE HERE .