“စစ်တွေမြို့ရှိ နေရပ်စွန့်ခွာနေရသူများ နေထိုင်ရာနေရာများသို့ UNHCR နှင့် WFP အဖွဲ့သွားရောက်”
18 Mar
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နေရပ်စွန့်ခွာနေရသူများ နေထိုင်ရာနေရာများဆီသို့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့ သွားရောက်ခဲ့ကြောင်း သိရပါတယ်။ ဥရောပသမဂ္ဂ၏ EU Civil Protection & Humanitarian Aid အဖွဲ့နှင့်အတူ လိုက်ပါသွားရောက်ခဲ့ခြင်း ဖြစ်ပြီး နေရပ်စွန့်ခွာနေရသောမိသားစုများ နေ့စဉ်ရင်ဆိုင်နေရတဲ့ လက်တွေ့ဘဝအခြေအနေများကို မျက်မြင် ကိုယ်တွေ့သိရှိခွင့်ရစေရန်၊ ပူးပေါင်းဆောင်ရွက်နေသောအဖွဲ့များနှင့် မြေပြင်ရှိအဖွဲ့များအကြား အမြင်ချင်းဖလှယ်ရန်၊ ညှိနှိုင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်နှင့် အရေးပါသောအကူအညီများကို လိုအပ်နေသူများထံ ဆက်လက် ရောက်ရှိစေရေးအတွက် သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ထောက်ပံ့ရန် ရန်ကုန်မှပို့ဆောင် ထားသော အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ စစ်တွေမြို့သို့ ရောက်ရှိပြီးဖြစ်ကာ ပစ္စည်းများအားလုံး ဖြန့်ဝေရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)