“၂၀၂၆ Finalissima ပွဲကို ဖျက်သိမ်းလိုက်ကြောင်း UEFA အတည်ပြုကြေညာ”

17 Mar

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ၂၀၂၆ Finalissima ပွဲကို ဖျက်သိမ်းလိုက်ကြောင်း အတည်ပြုကြေညာ ခဲ့ပါတယ်။ ၂၀၂၆ Finalissima ပွဲက ယူရို ၂၀၂၄ ချန်ပီယံစပိန်အသင်းနဲ့ ၂၀၂၄ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မတ်လ ၂၇ ရက်မှာ ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန် - အီရန် ပဋိပက္ခကြောင့် ကာတာနိုင်ငံမှာ ကျင်းပဖို့ မဖြစ်နိုင်တော့တဲ့အတွက် တခြားကွင်းမှာ ပြောင်းလဲကျင်းပဖို့ ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ UEFA က စပိန်နိုင်ငံမှ ရီးရဲလ်အသင်းရဲ့ ဘာနေဗျူးကွင်းမှာ ကျင်းပဖို့၊ ဒါမှမဟုတ် မက်ဒရစ်နဲ့ ဗျူနိုအေရိစ်မှာ နှစ်ကျော့ကျင်းပဖို့ အဆိုပြုခဲ့ပေမယ့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က လက်မခံခဲ့ကြောင်း သိရပါတယ်။ အီတလီမှာ ကျင်းပဖို့ အဆိုပြုမှုကို လက်ခံခဲ့ပေမယ့်လည်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က မတ်လ ၂၇ ရက်အစား မတ်လ ၃၁ ရက်ကို ပြောင်းရွှေ့ကျင်းပဖို့ တောင်းဆိုခဲ့ပြီး UEFA အနေနဲ့ လက်ခံနိုင်ခြင်းမရှိတာကြောင့် ပြိုင်ပွဲကို အခုဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ ယှဉ်ပြိုင်ကစားဖို့ အကြံပြုခဲ့တာကိုတော့ စပိန်ဘောလုံးအဖွဲ့ချုပ်က လက်မခံခဲ့ကြောင်းလည်း UEFA ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။(NVS 008)

17 Mar

ADVERTISE HERE .