“သမ္မတဒေါ်နယ်ထရမ့်၏ တရုတ်ခရီးစဉ်အတွက် နှစ်ဖက်ဆွေးနွေးနေဆဲဖြစ်ကြောင်း တရုတ်ပြောကြား”

17 Mar

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ၏ တရုတ်ခရီးစဉ်အတွက် အမေရိကန်အစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်းနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က မတ်လ ၁၆ ရက်က သတင်းထုတ်ပြန်သည်။ ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများ ဖွင့်လှစ်ရေးအတွက် ကြိုးပမ်းရာတွင် တရုတ်နိုင်ငံပါဝင် ကူညီမှု မရှိခဲ့ပါက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်အစီအစဉ်ကို ဆိုင်းငံ့ဖွယ်ရှိကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောကြားထားသည်။ သို့ရာတွင် သမ္မတဒေါ်နယ် ထရမ့်၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံတာဝန်ရှိသူများကြား ဆွေးနွေး ညှိနှိုင်းနေကြဆဲဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန် သမ္မတဒေါ်နယ် ထရမ့် သည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံသို့သွားရောက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားသည်။ နှစ်နိုင်ငံခေါင်းဆောင်များအဆင့် ထိတွေ့ဆက်ဆံရေးသည် တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေး အတွက် မဟာဗျူဟာမြောက်လမ်းစဉ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြား ထားသည်။ အီရန်နိုင်ငံကပိတ်ဆို့ထားသော ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် ပါဝင်ကူညီရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)နိုင်ငံများနှင့် တရုတ်နိုင်ငံ တို့ကို တိုက်တွန်းပြောကြားထားကြောင်း သိရသည်။

17 Mar

ADVERTISE HERE .