“တတိယအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ နှင့်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်း တို့ကို ရွေးချယ်”
17 Mar
မတ်လ ၁၆ ရက်မနက် ၁၀ နာရီမှာစတင်ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့အစီအစဉ်များကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်မှာပြုလုပ်ကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်ခြင်းများပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်း တို့ကို လွှတ်တော်မှ ရွေးချယ်ခဲ့ပါတယ်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့မှာ သဘာပတိတင်မြှောက်ခြင်း၊ သဘာပတိကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးခြင်း၊ သဘာပတိက နှုတ်ခွန်းဆက် စကားပြောကြားခြင်းများပြုလုပ်ခဲ့ပြီး သဘာပတိမှ ပြည်သူ့လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ ပေါ်မှာ လက်မှတ်ရေးထိုးခြင်းများလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ပြည်သူ့လွှတ်တော်က ဥက္ကဋ္ဌလောင်းအမည်စာရင်းတင်သွင်းခဲ့ကာ ဇေယျာသီရီမဲဆန္ဒနယ်မှ ဦးခင်ရီ တစ်ဦးတည်းကိုသာတင်သွင်းခဲ့လို့ ဦးခင်ရီမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး ဒုတိယဥက္ကဋ္ဌလောင်းအတွက် အမည်စာရင်းတင်သွင်းခဲ့ရာမှာဒုဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်း ကို ရွေးချယ်ခဲ့ကြပါတယ်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၂၆၃ ဦးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး၊ စုစုပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၇၃ ဦး တက်ရောက်ခဲ့ကြပါတယ်။ (NVS 004)