“စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရပါက အမေရိကန်နှင့် ဆက်နွှယ်နေသည့် ရေနံလုပ်ငန်း အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု အီရန် အခိုင်အမာပြော”
16 Mar
အီရန်၏ ရေနံနှင့်စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုတစ်စုံတစ်ရာ လုပ်ဆောင် ခြင်းက ဒေသတွင်းရှိ အမေရိကန်ကုမ္ပဏီများနှင့် ဆက်နွယ်နေသည့် အဆောက်အအုံများ လက်တုံ့ပြန်တိုက်ခိုက် ခံရမှုနှင့် ကြုံတွေ့ရလိမ့်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘတ်စ် အာရက်ဂ်ချီ က မတ်လ ၁၄ ရက်၌ သတိပေးခဲ့သည်။ အမေရိကန်ရုပ်သံ MS Now နှင့် အင်တာဗျူးအစီအစဉ်တစ်ခု၌ အာရက်ဂ်ချီ က မတ်လ ၁၃ ရက်တွင် ခါ့ဂ်ကျွန်းအား အမေရိကန်၏ တိုက်ခိုက်မှုကိုလည်းကောင်း၊ ဟော်မုဇ်ရေလက်ကြားတစ်လျှောက် သင်္ဘောခုတ်မောင်း သွားလာမှုများ နှောင့်ယှက်တိုက်ခိုက်ခြင်းခံရပါက အဆိုပါကျွန်းရှိ ရေနံလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်မည်ဆိုသော သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုကိုလည်းကောင်း တုံ့ပြန်ပြောဆို ခဲ့ခြင်းဖြစ်သည်။ “အီရန်ရဲ့ ရေနံနဲ့စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရမယ်ဆိုရင် လက်တုံ့ပြန် သွားမယ်လို့ ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်တွေက အတိအလင်း ပြောဆိုပြီးသားပါ။ သူတို့အနေနဲ့ ဒေသတွင်း မှာရှိတဲ့ အမေရိကန်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် တချို့တဝက်ပိုင်ဆိုင်ထားတဲ့ စွမ်းအင်အဆောက်အအုံ တွေကို တိုက်ခိုက်သွားမှာပါ” ဟု အာရက်ဂ်ချီ က ဆိုသည်။ အမေရိကန်၏ မတ်လ ၁၃ ရက် တိုက်ခိုက်မှုများသည် ယူအေအီးနိုင်ငံရှိ နေရာဒေသနှစ်ခုဖြစ်သည့် ရက်စ် အယ်လ်-ခါအီမာနှင့် ဒူဘိုင်းမြို့အနီး နေရာတစ်ခုမှ အစပြုခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက အခိုင်အမာပြောဆိုခဲ့ကာ လူနေထူထပ်သည့် ဒေသများကိုအသုံးပြု၍ အီရန်အား တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းမှာ အလွန်အန္တရာယ်များ သည်ဟု သတိပေးခဲ့သည်။ “ကျွန်တော်တို့ ကျိန်းသေပေါက် လက်တုံ့ပြန်မှာဖြစ်ပေမဲ့ လူနေထူထပ်တဲ့နေရာတွေကို မထိအောင် ကြိုးစားပြီး ရှောင်ကြဉ်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ အီရန်၏ အဓိကစစ်ဘက်ဆိုင်ရာ ကွပ်ကဲမှု ဌာနချုပ်ဖြစ်သည့် ခါတမ်အယ်လ်-အန်ဘီယာ ဗဟိုကွပ်ကဲမှုဌာနချုပ်ကလည်း အီရန်၏ ရေနံနှင့်စီးပွားရေး အခြေခံ အဆောက်အအုံများကိုဖြစ်စေ၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုဖြစ်စေ တိုက်ခိုက်မှုမှန်သမျှသည် ဒေသတွင်းရှိ အမေရိကန်ကုမ္ပဏီများနှင့် အကျိုးစီးပွားဆက်နွယ်နေသည့် အဆောက်အအုံများအား ချက်ချင်း လက်တုံ့ပြန်တိုက်ခိုက်မှုများနှင့် ကြုံတွေ့ရလိမ့်မည်ဟု ထပ်လောင်းသတိပေးခဲ့သည်။ “အမေရိကန် အကျိုးစီးပွားနဲ့ ဆက်နွယ်နေတဲ့ ရေနံ၊စီးပွားရေးနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံမှန်သမျှကို တိုက်ခိုက်ဖျက်ဆီးပြီး ပြာပုံ ဖြစ်အောင် လုပ်ပစ်မှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇိုလ်ဖာဂါရီ က အီရန်နိုင်ငံပိုင်သတင်းဌာန IRNA သို့ ပြောကြားခဲ့သည်။ အာရက်ဂ်ချီ က အီရန်၏ရန်သူများနှင့် ၎င်းတို့၏ မဟာမိတ်များပိုင်ဆိုင်သည့် သင်္ဘောများမှအပ ကျန် သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရန် ဟော်မုဇ်ရေလက်ကြားအား ဖွင့်ထားဆဲဖြစ်သည်ဟုဆိုသည်။ သင်္ဘောအချို့မှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် အဆိုပါရေလက်ကြားကို ရှောင်ကွင်းသွားလာနေသော်လည်း ရေနံတင်သင်္ဘော အများအပြား ဖြတ်သန်းသွားလာနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ခါ့ဂ်ကျွန်းမှာ တိုက်ခိုက်ခံခဲ့ရသော်လည်း အဆိုပါကျွန်းမှ ရေနံတင်ပို့မှုများကို အထိအခိုက်မရှိ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ ခါ့ဂ်ကျွန်းရှိ လေဆိပ်နှင့် စစ်ဘက်အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သော်လည်း လူအသေအပျောက်မရှိသလို စီးပွားရေးအရ လည်ပတ်မှုများ ဆက်လက်လုပ်ဆောင်လျက် ရှိသည်ဟု ဘူရှီဟာပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူး အာဆန် ဂျာဟာနီယန် က အစိုးရနှင့် တစ်စိတ်တစ်ပိုင်း ဆက်နွှယ်သည့် Tasnim သတင်းဌာနသို့ ပြောကြားခဲ့သည်။ အစ္စရေးနှင့် အမေရိကန်တို့က ဖေဖော်ဝါရီလ ၂၈ ရက်၌ တီဟီရန်နှင့် အခြားသောအီရန်မြို့များကို ပူးတွဲ တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့ရာ အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီနှင့် အီရန်စစ်တပ်၏ အကြီးတန်း တပ်မှူးများအပြင် အရပ်သား ၁,၃၀၀ ကျော် သေဆုံးခဲ့သည်။ အီရန်ကလည်း ယင်းအတွက် လက်တုံ့ပြန်သည့် အနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများနှင့် ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားလျက် ဒုံးကျည်နှင့် ဒရုန်းအများအပြားဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်။ (Repost from Xinhua Myanmar)