“တရုတ်နိုင်ငံက နွေဦးပွဲတော် ခရီးသွားကာလတွင် ဒေသတွင်းခရီးစဉ်များ စံချိန်တင်မြင့်တက်”
16 Mar
ချွင်းယွင့်ဟုလည်း လူသိများသော ရက် ၄၀ ကြာ နှစ်သစ်ကူးနွေဦးပွဲတော် ခရီးသွားကာလအတွင်း တရုတ်နိုင်ငံ တစ်ဝန်းရှိ ဒေသတွင်းခရီးသည် ခရီးစဉ်စုစုပေါင်းအရေအတွက်မှာ ၉ ဒသမ ၄၁ ဘီလီယံအထိ စံချိန်တင်ရှိခဲ့ကြောင်း မတ်လ ၁၄ ရက်က ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များက ဖော်ပြခဲ့သည်။ ယင်းကိန်းဂဏန်းမှာ ၂၀၂၅ ခုနှစ် အလားတူကာလကထက် ၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုခရီးစဉ်များ၏ အများစုမှာ ကားများဖြင့် သွားလာခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း ကားများဖြင့် ခရီးစဉ် ၈ ဒသမ ၇၄ ဘီလီယံခန့် သွားလာခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလကထက် ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ရထားစီးခရီးသည်ဦးရေ သန်းပေါင်း ၅၄၀ အထိ ရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလကထက် ၄ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ နိုင်ငံ၏ အရပ်ဘက်လေကြောင်း ကဏ္ဍမှာ ယင်းကာလအတွင်း ခရီးသည်ခရီးစဉ် ၉၄ ဒသမ ၃၉ သန်း စံချိန်တင်ခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလ ကထက် ၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ ရေလမ်းခရီးစဉ်များကလည်း ၂၀၂၅ ခုနှစ် အလားတူကာလကထက် ၁၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ၃၅ ဒသမ ၉၇ သန်းအထိ ရှိခဲ့သည်။ ကမ္ဘာ့အကြီးဆုံး နှစ်စဉ်လူသားရွှေ့ပြောင်းမှုအဖြစ် မကြာခဏဖော်ပြခံရလေ့ရှိသည့် အဆိုပါခရီးသွားကာလ သည် တရုတ်နိုင်ငံ၏ ကြီးမားသော ရွှေ့ပြောင်းသွားလာမှုနှင့် တက်ကြွသောစီးပွားရေးလှုပ်ရှားမှုတို့ကို မီးမောင်း ထိုးပြထားသည်။ ယခုနှစ် နွေဦးပွဲတော် ခရီးသွားကာလမှာ ဖေဖော်ဝါရီလ ၂ ရက်က စတင်ခဲ့ပြီး မတ်လ ၁၃ ရက်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)