“ကုလသမဂ္ဂက လက်ဘနွန်အပေါ် အရေးပေါ်ကူညီရေး ရန်ပုံငွေတောင်းခံမှုအစီအစဉ် စတင်”
16 Mar
ပဋိပက္ခကြောင့် ထိခိုက်မှုခံရသည့် လက်ဘနွန်ပြည်သူများအား ကူညီရန်အတွက် အမေရိကန်ဒေါ်လာ ၃၀၈ သန်း အရေးပေါ်ကူညီရေးရန်ပုံငွေ တောင်းခံမှုအစီအစဉ် စတင်မည်ဖြစ်ကြောင်း လက်ဘနွန်နိုင်ငံသို့ ခရီးစဉ်ရောက်ရှိ နေသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က မတ်လ ၁၃ ရက်တွင် ကြေညာခဲ့သည်။ လက်ဘနွန်နိုင်ငံဝန်ကြီးချုပ် Nawaf Salam က ယခုအကြိမ်ပဋိပက္ခသည် လက်ဘနွန်ပြည်သူများ၏ ရွေးချယ်မှုမဟုတ်ကြောင်း၊ အပစ်အခတ်ရပ်စဲမှုက မဖြစ်မနေလိုအပ်ချက် ဖြစ်နေပါပြီဟု ပြောကြားခဲ့သည်။ လက်ဘနွန် အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဦးဆောင်သည့် အစ္စရေးနှင့် ဆွေးနွေးညှိနှိုင်းမှုတွင်ပါဝင်ရန် အဆင်သင့် ပြင်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သလို အစိုးရအနေဖြင့် လက်နက်ကို နိုင်ငံတော်လက်ထဲတွင် ကိုင်ဆောင်ထားခြင်းအား အာမခံပေးမည့် ဆုံးဖြတ်ချက်ကိုလည်း အလေးထားပြောကြားခဲ့သည်။ မတ်လ ၂ ရက်မှစ၍ အစ္စရေးက လက်ဘနွန်အပေါ် တိုက်ခိုက်မှုကြောင့် လူ ၇၇၃ ဦးသေဆုံးကာ ၁,၉၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအနက် သေဆုံးသူ ကလေးငယ်လူဦးရေအနေဖြင့် ၁၀၃ ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူ ကလေးငယ်လူဦးရေမှာမူ ၃၂၆ ဦးအထိ တိုးပွားလာကြောင်း လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)