“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅,ဝဝဝ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခုကိုခွင့်ပြု”

16 Mar

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅,ဝဝဝ ကျော်ကို ဖန်တီးပေး နိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခုကို မတ်လ ၁၅ ရက်က နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့တဲ့ (၃/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းအသစ်လေးခု၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၁ ခုတို့ကိုခွင့်ပြုပေးခဲ့ပြီး အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၀၀၃ သန်းနှင့် ကျပ် ၁,၉၅၅,၅၂၆ ဒသမ ၉၅၅ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅,၀၆၄ ဦးကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ခွင့်ပြုပေးသည့်လုပ်ငန်းများမှာ နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိတဲ့ လုပ်ငန်းသုံးမော်တော်ယာဉ် ထုတ်လုပ် ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊ လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ၊ ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ၊ လက်ကိုင်ဖုန်းအမျိုးမျိုး တပ်ဆင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ဆိုလာပြားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မွေးမြူရေးအစာ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများအပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရပါတယ်။ ယခုအခါတွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၇ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် အသီးသီးရင်းနှီးမြှုပ်နှံ ထားပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကတင်ပြလာတဲ့ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

16 Mar

ADVERTISE HERE .