“မြန်မာ့ထောပတ်သီးကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရန် တတိယအကြိမ် ညှိနှိုင်းဆွေးနွေး”
16 Mar
မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးများကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရန် တတိယအကြိမ် ညှိနှိုင်းဆွေးနွေး မှုများပြုလုပ်ခဲ့ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား တန်ဖိုးမြှင့် ထောပတ်သီးထုတ်လုပ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်နဲ့ကျင်းပပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံကိုးလ်ကတ္တားမြို့မှ မြန်မာစီးပွားရေးသံမှူး၊ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ International Federation of Business Intellectuals and Changemakers (IFBIC)က တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွင် မြန်မာ့ထောပတ်သီးကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် လိုအပ်သောစာရွက် စာတမ်းများကို အိန္ဒိယနိုင်ငံ IFBIC ထံပေးပို့ရန် အဓိကဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။ မြန်မာ့ထောပတ်သီးကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရာတွင် အိန္ဒိယနိုင်ငံ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အိန္ဒိယနိုင်ငံဘက်မှ ပံ့ပိုးပေးရန် လည်း ညှိနှိုင်းဆွေးနွေးထားလျက်ရှိပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံ၌ ထောပတ်သီးစက်ရုံအသစ် တည်ဆောက်နိုင်ရန် အတွက် အိန္ဒိယနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ပြီးခဲ့တဲ့အစည်းအဝေး၌ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြ တယ်လို့ သိရပါတယ်။ (NVS-004)