“မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG)ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူခွင့်ရရှိနေသော မော်တော်ယာဉ်များ အနေဖြင့် ပြည်သူများအတွက် အကျိုးရှိထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရေး စီမံဆောင်ရွက်”

16 Mar

စွမ်းအင်ဝန်ကြီးဌာနက အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်များမှ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့များ ရောင်းချ ပေးလျက်ရှိရာ ပြည်သူများအတွက် အကျိုးထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရန် စီမံဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က မတ်လ ၁၅ ရက်က စွမ်းအင်ဝန်ကြီးဌာတွင် ကျင်းပပြုလုပ်ခဲ့တဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအကျပ်အတည်းကို နိုင်ငံတော်အနေနဲ့ ဖြေရှင်း ဆောင်ရွက်ရာတွင် စက်သုံးဆီခြိုးခြံချွေတာနိုင်ရန်၊ အရန်စက်သုံးဆီပမာဏ ပိုမိုသိုလှောင်နိုင်ရန်၊ စက်သုံးဆီ တင်သွင်းသည့် အရန်လမ်းကြောင်းများအား ရှာဖွေရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိနေကြောင်း၊ စက်သုံးဆီခြိုးခြံချွေတာနိုင်ရန်အတွက်လည်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍ အဆင်ပြေချောမွေ့စေရေးသည် အဓိကကျကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနသည် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့(CNG)များကို မပြောင်းလဲသောဈေးနှုန်းဖြစ်တဲ့ ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ရောင်းချ ပေးလျက်ရှိနေကြောင်း၊ အဆိုပါဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာပြီး စက်စွမ်းအားတူညီသည့် မော်တော်ယာဉ်များတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် CNG တို့အား တူညီခရီးအကွာအဝေးအတွက် လောင်စာဆီကုန်ကျစရိတ်ကို နှိုင်းယှဉ်ပါက CNG သည် သုံးပုံတစ်ပုံခန့်သာ ကုန်ကျမှာဖြစ်ကြောင်း၊ CNG သုံး Taxi ယာဉ်များအနေနဲ့ နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများခံစားခွင့်ရရှိစေရန် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး CNG Taxi သုံးယာဉ်များကို စီးနင်းကြသည့် ပြည်သူများအနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်း ကြီးမြင့်မှုကို အခွင့်အရေးယူ၍ ငှားရမ်းခတိုးမြှင့်တောင်းခံခြင်းများ ကြုံတွေ့ရ၍ တိုင်ကြားလာပါက CNG သုံးစွဲခွင့် စာရင်းမှပယ်ဖျက်ကာ သုံးစွဲခွင့်တောင်းခံထားသည့် အခြားမော်တော်ယာဉ်များကို ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း၊ YBS ယာဉ်များအနေနဲ့လည်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့် လမ်းကြောင်းများအတွင်း၌သာ မောင်းနှင်၍ ဝန်ဆောင်မှုပေးကြရန်လိုအပ်ကြောင်း၊ မကြာမီအချိန်အတွင်း CNG အသုံးပြုနေသည့် မော်တော်ယာဉ် များတွင် Metering စနစ်တပ်ဆင်ခြင်း၊ နည်းပညာအသုံးပြု၍ ထိန်းချုပ်ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနသည်လည်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)ကို ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေး နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ CNG သုံးယာဉ်များနှင့် စပ်လျဉ်း၍ အများပြည်သူအနေနဲ့ ကျေနပ်မှုမရှိပါက ညွှန်ကြားရေးမှူးဖုန်း ၀၉-၇၉၄၁၁၅၄၁၀၊ ၀၉- ၂၆၂၄၆၇၀၇၇ သို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း သိရပါတယ်။ (NVS-004)

16 Mar

ADVERTISE HERE .