“အစ္စရေးနှင့် လက်ဘနွန်တို့ကြား တိုက်ရိုက်ဆွေးနွေးပွဲများ မကြာမီကျင်းပနိုင်ဖွယ်ရှိ”
16 Mar
အစ္စရေးနှင့်လက်ဘနွန်တို့ကြား တိုက်ရိုက်ဆွေးနွေးပွဲများကို လာမည့်ရက်များအတွင်း ကျင်းပနိုင်ဖွယ်ရှိကြောင်း အစ္စရေးအစိုးရသတင်းအရင်းအမြစ်များက မတ်လ ၁၄ ရက်တွင် မီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါဆွေးနွေးပွဲများသည် အီရန်စစ်ရေးပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစ္စရေးနှင့် လက်ဘနွန် တို့ကြား ပထမဆုံးတိုက်ရိုက်ဆွေးနွေးပွဲများ ဖြစ်လာမည်ဖြစ်သည်။ အစ္စရေးနှင့် လက်ဘနွန် တိုက်ရိုက်ဆွေးနွေးပွဲများ ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ သို့မဟုတ် ဆိုက်ပရပ်စ်နိုင်ငံ၌ ကျင်းပဖွယ်ရှိကြောင်း အစ္စရေးမီဒီယာများက သတင်း ထုတ်ပြန်ထားသည်။ အဆိုပါဆွေးနွေးပွဲများတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏သမက် ဂျရတ်ကုရှ်နာ လည်း ပါဝင်မည်ဖြစ်ကြောင်း အစ္စရေးမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံ တို့၏ တိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင် အယာတိုလာခါမေနီ သေဆုံးခဲ့ ရမှုကို တုံ့ပြန်သည့်အနေဖြင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုက အစ္စရေး ကို မတ်လ ၂ ရက်တွင် တိုက်ခိုက်ခဲ့ရာ အစ္စရေးနိုင်ငံကလည်း လက်ဘနွန်နိုင်ငံတွင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အစ္စရေးနှင့် လက်ဘနွန် တိုက်ရိုက်ဆွေးနွေးပွဲများတွင် လက်ဘနွန်ကိုတိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် ဟစ်ဇ်ဘိုလာအုပ်စု လက်နက်ဖြုတ်သိမ်းရေးတို့ကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။