“ဟော်မုဇ်ရေလက်ကြားကိုဖွင့်လှစ်ရေးအတွက် စစ်သင်္ဘောများစေလွှတ်ရန် ကမ္ဘာ့နိုင်ငံများကို သမ္မတဒေါ် နယ်ထရမ့် တိုက်တွန်းပြောကြား”
16 Mar
ပါရှန်ပင်လယ်ကွေ့ဒေသ ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများကို ဖွင့်လှစ်ရေးအတွက် စစ်သင်္ဘော များစေလွှတ်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မတ်လ ၁၄ ရက်တွင် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်း ပြောကြားထားသည်။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် ရေနံများလက်ခံရယူနေသော နိုင်ငံများအနေဖြင့် ယင်း ရေလက်ကြားကို စောင့်ရှောက်ရမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားထားသည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများ လုံခြုံချောမွေ့စေရေးအတွက် စစ်သင်္ဘောများစေလွှတ်မည့်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြား ထားသည်။ ဟော်မုဇ်ရေလက်ကြားကို စစ်သင်္ဘောများစေလွှတ်မည့် နိုင်ငံများထဲတွင် တရုတ်၊ ဂျပန်၊ ပြင်သစ်၊ ဗြိတိန်၊ တောင်ကိုရီးယားနိုင်ငံတို့လည်းပါဝင်မည်ဟု မိမိမျှော်လင့်ထားသည်ဟု သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားထား ကြောင်းသိရသည်။ အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခအတွင်း ဟော်မုဇ်ရေလက်ကြားရေကြောင်းလမ်းများ ပိတ်နေမှုကြောင့် ကမ္ဘာ့ စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာချိန်တွင် ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအတွက် စစ်သင်္ဘောများစေလွှတ်ရန် ကမ္ဘာ့နိုင်ငံများကို သမ္မတ ဒေါ်နယ်ထရမ့် က တိုက်တွန်းပြောကြားထားခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့် ၏ တိုက်တွန်းချက်အရ ဟော်မုဇ်ရေလက်ကြားကို စစ်သင်္ဘောများစေလွှတ်ရန် သဘောတူသည့်နိုင်ငံများကို အိမ်ဖြူတော်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးကြောင်းသိရသည်။