“ရွှေဆိုင်များ လက်ဝတ်ရတနာအလျော့တွက်လက်ခ အသစ်သတ်မှတ်မှုထုတ်ပြန်”
16 Mar
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ရွှေဆိုင်များမှာ လက်ဝတ်ရတနာပြုလုပ်ရာတွင် ကောက်ခံမယ့် အလျော့တွက်လက်ခနှုန်းထားများကို အသစ်သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ မတ်လ ၁၁ ရက် ရက်စွဲနဲ့ထုတ်ပြန်တဲ့ ညွှန်ကြားချက်အရ ရွှေ၊ ရွှေကြမ်းနှင့် လက်ဝတ်ရတနာပစ္စည်းများ၏ အလျော့တွက်နှုန်းထားများကို စိစစ်အတည်ပြုခြင်းနှင့်ပတ်သက်၍ ရွှေဆိုင်များလိုက်နာရမည့် သတ်မှတ်ချက်များကို ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာ ရွှေဆွဲသီး၊ ရွှေနားကပ်၊ ရွှေကလစ်၊ ရွှေလက်စွပ်၊ ရွှေလက်ကောက်၊ ရွှေဆွဲကြိုးနှင့် ရွှေဟန်ချိန်း/ဖုချိန်း စသည့် လက်ဝတ်ရတနာအမျိုးအစားများကို ခွဲခြား၍ အမျိုးအစားအလိုက် အလျော့တွက်လက်ခနှုန်းထားများ သတ်မှတ်ထားကြောင်း ဖော်ပြထားပါတယ်။ သတ်မှတ်ချက်အရ ရွှေဆွဲသီး ၂ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၁ ပဲ ၁ ရွေး သတ်မှတ် ထားပြီး ၄ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၂ ပဲ သတ်မှတ်ထားကြောင်း လက်ဝတ်ရတနာ ပြုလုပ်တဲ့ အခါ ပစ္စည်းတန်ဖိုး၏ ထက်ဝက်နီးပါးအထိ အလျော့တွက်လက်ခပေးရနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ရွှေဆွဲကြိုး ၄ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၂ ပဲ သတ်မှတ်ထားပြီး တစ်ကျပ် သားတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၅ ပဲ ၆ ရွေးသတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ ဒါကြောင့် ရွှေဆွဲကြိုး တစ်ကျပ်သားပြုလုပ်ပါက တစ်မတ်ခွဲသားနီးပါးခန့် အလျော့တွက်လက်ခပေးရ နိုင်ကြောင်း သိရပါတယ်။ (NVS 004)