“အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး မြန်မာပါဝင်တက်ရောက်”

16 Mar

ဖိလစ်ပိုင်နိုင်ငံ၊ တာဂွစ်မြို့၌ မတ်လ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့တဲ့ (၃၂) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (Thirty-Second ASEAN Economic Ministers’ Retreat – 32nd AEM Retreat) နှင့်ဆက်စပ်အစီအစဉ်များသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးပထမပိုင်းမှာ အာဆီယံစီးပွားရေး အကြံပေးကောင်စီ (ASEAN Business Advisory Council – ASEAN-BAC) က ၂၀၂၆ ခုနှစ်အတွင်း ဦးစား ပေးဆောင်ရွက်မည့်စီမံကိန်းများနှင့် လုပ်ငန်းစဉ်များတင်ပြခြင်း၊ အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသနဌာန (Economic Research Institute for ASEAN and East Asia – ERIA) က အာဆီယံ၏ စီးပွားရေးခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးမည့် စက်မှုဆိုင်ရာ မူဝါဒမူဘောင်ရေးဆွဲပေးမည့်ကိစ္စအား အဆိုပြုတင်ပြခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံနှင့်အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank- ADB) တို့အကြား မိတ်ဖက် ဆက်ဆံရေးတိုးမြှင့်ရန် အဆိုပြုအစီအစဉ်များအပေါ် စီးပွားရေးဝန်ကြီးများက ပုဂ္ဂလိကအခန်းကဏ္ဍခိုင်မာ အားကောင်းစေရေးနှင့် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များကို အစည်းအဝေးက မှတ်တမ်းတင်ခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် အစည်းအဝေးဒုတိယပိုင်းဆက်လက်ကျင်းပရာ စီးပွားရေးဝန်ကြီးများက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသုံးသပ်ချက်များ၊ အာဆီယံအဆင့်မြင့်အစည်းအဝေးတို့မှ ထွက်ပေါ်လာသည့် ဆက်လက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ (ASEAN Geoeconomic Task Force – AGTF) နှင့် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (High-Level Task Force on ASEAN Economic Integration – HLTF-EI) တို့မှတင်ပြသည့် အကြံပြုချက်များ၊ ရေရှည်တည်တံ့မှု (Sustainability) ဆိုင်ရာ ကနဦး လုပ်ငန်းစဉ်များနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှု အခြေအနေများအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခက ဒေသတွင်းစွမ်းအင်လုံခြုံမှုအပေါ် စိန်ခေါ်မှုဖြစ်စေတဲ့ အတွက် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်‌ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒါ့အပြင် စွမ်းအင်နှင့်သယ်ယူပို့ဆောင်မှုစရိတ် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ပြတ်တောက်မှု၊ စားရေရိက္ခာလုံခြုံမှုအတွက်လည်း ဒေသတွင်းပူးပေါင်း ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ စီးပွားရေးအပေါ် ရိုက်ခတ်လျက်ရှိတဲ့ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အာဆီယံ၏ အချက်အချာကျမှုကို ဗဟိုပြု၍ မည်သည့်အဖွဲ့ဝင်နိုင်ငံမှ နောက်ကျကျန်ရစ်နေမှုမရှိစေဘဲ ဒေသတွင်း နိုင်ငံများအကြား စည်းလုံးညီညွတ်မှုအားကောင်းစေရေးကို တွန်းအားပေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အစည်းဝေးမှာ စီးပွားရေးဝန်ကြီးများက ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံက ဆောင်ရွက်မည့် ဦးစားပေးစီးပွားရေးလုပ်ငန်းစဉ်များအနက် အာဆီယံစီးပွားရေးဝန်ကြီးများ ကြီးကြပ်မှု အောက်ရှိ သဘောတရားစာတမ်း (Concept Paper) များကို အတည်ပြုခဲ့ပါတယ်။ (NVS 004)

16 Mar

ADVERTISE HERE .