“ကျပ်သိန်းပေါင်း ၅၇,၀၀၀ ကျော်ဖြင့် ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ”

15 Mar

ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး သုတေသနရန်ပုံငွေကောက်ခံရရှိသည့် ကျပ်သိန်းပေါင်း ၅၇,၆၃၃ ဒသမ ၅၈,၂၀၅ မှ သုတေသနလုပ်ငန်း များသို့ ကျပ်သိန်းပေါင်း ၂၁,၇၆၁ ဒသမ ၄၁၈ ကို သတ်မှတ်ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ခွင့်ပြုပေးခဲ့ပြီး လက်ကျန်ငွေမှာ ကျပ်သိန်းပေါင်း ၃၅,၈၇၂ ဒသမ ၁၆၄ ဖြစ်ကြောင်း သတ္တမအကြိမ်မြောက် ငါးလုပ်ငန်းဆိုင်ရာ သုတေသန ရန်ပုံငွေစီမံအုပ်ချုပ်မှုကော်မတီအစည်းအဝေးက သိရပါတယ်။ အစည်းဝေးကို နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာန ငါးဖမ်းရေယာဉ်စောင့်ကြည့်ထိန်းသိမ်းရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ ငါးလုပ်ငန်းဆိုင်ရာသုတေသနရန်ပုံငွေ ထူထောင်မှုစာချုပ်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် သုတေသနလုပ်ငန်းများ၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ဒီဇင်ဘာလထိ သုံးစွဲပြီး အသုံးစရိတ်များ၊ ရှင်းတမ်းများကို ဌာနတွင်း သုတေသနရန်ပုံငွေစစ်ဆေးရေးအဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ၆ ကြိမ် စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါအသုံးစရိတ်များအား တနင်္သာရီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးကလည်း စစ်ဆေးပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားခဲ့ပါတယ်။ လက်ရှိငါးလုပ်ငန်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးဆောင်ရွက်သော ရေသတ္တဝါများ၏ ရောဂါဖြစ်ပွားမှုအခြေအနေများအား စမ်းသပ်သုတေသနပြု စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်း၊ မွေးမြူရေးသုတေသနဦးစီးဌာနမှလည်း ကျွန်းစုစခန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း များကိုဆောင်ရွက်ခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၂၂ ရက်အထိ တနင်္သာရီ ကမ်းရိုးတန်းရေပြင်တွင် ငါးသယံဇာတတည်ရှိမှုကို M.V.SEAFDEC 2 သုတေသနရေယာဉ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကလွင်စခန်း အဆင့်မြှင့်တင်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။ ထို့အတူ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြိတ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနတို့ ပူးပေါင်းဆောင်ရွက်မည့် ငုပ်ရှပ်၏ မျိုးပွားမှု၊ ရှင်သန်ပေါက်ပွားမှု ပျံ့နှံ့တည်ရှိမှုနှင့် ဂေဟစနစ်အား သုတေသနပြုခြင်းစီမံကိန်းကိုလည်း ခွင့်ပြုထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အစည်းဝေးတွင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် တက်ရောက်လာကြသူများက တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မွေးမြူရေးသုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။(NVS 004)

15 Mar

ADVERTISE HERE .