“ဓမ္မစကူးလ်ဖောင်‌ဒေးရှင်း(ဗဟို)တည်ထောင်ခြင်း ၁၄ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကျင်းပ”

15 Mar

ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) တည်ထောင်ခြင်း ၁၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မတ်လ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) ဩဝါဒါ စရိယ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ကြွရောက်ချီးမြှင့်ပြီး ဩဝါဒမိန့်ကြားခဲ့ပါတယ်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က သီတဂူဆရာတော်ကြီးအား ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းအတွက် အလှူငွေများလှူဒါန်းခဲ့ပါတယ်။ ထို့နောက် ဧည့်ပရိသတ်များသည် ဆရာတော်ကြီးများထံမှ ဓမ္မစကူးလ်ဆိုင်ရာ ဩဝါဒကထာနာယူကြပြီး ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်များဆက်ကပ်လှူဒါန်းကြကာ ရေစက်ချတရားနာယူ၍ နေ့ဆွမ်းဆက်ကပ်ခဲ့ကြပါတယ်။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ မျိုးဆက်သစ်လူငယ်များ ဗုဒ္ဓတရားတော်များကို အခြေခံမှစ၍ လေ့လာသင်ကြားနိုင်ရန်၊ မိရိုးဖလာဗုဒ္ဓဘာသာဝင်မှ ဗုဒ္ဓတရားတော်များကို လက်တွေ့ဘဝတွင် အသုံးချနိုင်သော အဆင့်မြင့်ဗုဒ္ဓဘာသာဝင်များ ဖြစ်လာရန်၊ ဆရာနှင့်ဒကာ ညီညာစွာလက်တွဲ၍ သာသနာပြုလုပ်ငန်းများ လုပ်ဆောင် သွားနိုင်ရန်ဖြစ်ကြောင်း သိရပါတယ်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တ (နေနတ်သား)ဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကုမာရ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို) ဂုဏ်ထူးဆောင်နာယက စိန်ရတနာဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သာသနဝရ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ ဆရာတော်နှင့် အနယ်နယ်အရပ်ရပ်မှ ပင့်ဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဓမ္မစကူးလ်ဆရာ၊ ဆရာမများ တက်ရောက်ကြည်ညိုခဲ့ကြပါတယ်။(NVS 004)

15 Mar

ADVERTISE HERE .