“အိန္ဒိယသဘာဝဓာတ်ငွေ့ရည်တင် သင်္ဘောနှစ်စင်း ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ရ”
15 Mar
အိန္ဒိယနိုင်ငံမှတ်ပုံတင် သဘာဝဓာတ်ငွေ့ရည်တင် သင်္ဘောနှစ်စင်းကို အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ပေးထားကြောင်း အိန္ဒိယအစိုးရသတင်းအရင်းအမြစ်များက မတ်လ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြား ထားသည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ အိန္ဒိယမှတ်ပုံတင် သဘာဝဓာတ်ငွေ့ရည်တင် သင်္ဘောနှစ်စင်းကို ဟော်မုဇ်ရေလက်ကြားဖြတ်သန်းခွင့် ပေးထားမှုကို အီရန်အစိုးရကလည်း အတည်ပြုထားသည်။ မတ်လ ၁၃ ရက်တွင် ရှီဗာလစ်ခ် အိန္ဒိယသဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောသည် အီရန်ရေတပ်၏ အစောင့်အရှောက်ဖြင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် နန်ဒါးဒီမီ အိန္ဒိယသဘာဝ ဓာတ်ငွေ့ရည်တင် သင်္ဘောတစ်စင်းသည်လည်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း အိန္ဒိယအစိုးရ သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောကြားထားသည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့၏ စစ်ရေးအရတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ် ရေလက်ကြားကို ပိတ်ထားချိန်တွင် အီရန်နိုင်ငံက အိန္ဒိယမှတ်ပုံတင်သင်္ဘောနှစ်စီးကို ခြွင်းချက်အားဖြင့် ရေလက်ကြား ဖြတ်သန်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေသော ရေလမ်းကြောင်းဖြစ်ရာ ယင်းရေလမ်းကြောင်းပိတ်ဆို့ခံထားရမှုကြောင့် ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံစိမ်းဈေးနှုန်းများ မြင့်တက်ခဲ့ရကြောင်း သိရသည်။