“အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်နေချိန် မြောက်ကိုရီးယားတပ်မတော်က ဒုံးလက်နက်များစမ်းသပ်ပစ်ခတ်”
15 Mar
မြောက်ကိုရီးယားနိုင်ငံသည် ဘလစ်စတစ်ဒုံးကျည်ဟု ယူဆရသော ဒုံးလက်နက်များကို ပင်လယ်ပြင်ဘက်သို့ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါ ဒုံးလက်နက် ၁၀ စင်းကို မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက်ကမ်းရိုးတန်းကမ်းလွန် ရေပြင် အတွင်းသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားတပ်မတော်က သတင်းထုတ်ပြန်ထားသည်။ မြောက်ကိုရီးယား၏ ဒုံးလက်နက်ပစ်ခတ်စမ်းသပ်မှုကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း အတည်ပြု ထားပြီး ဘလစ်စတစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုဖြစ်နိုင်သည်ဟု သုံးသပ်ထားကြောင်း သိရသည်။ ဂျပန်မီဒီယာများ၏ အဆိုအရ မြောက်ကိုရီးယားဒုံးလက်နက်များသည် ဂျပန်အထူးစီးပွားရေးဇုန် ပြင်ပရေပြင်အတွင်း ကျရောက်ခဲ့ကြောင်း သိရသည်။ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေချိန်တွင် မြောက်ကိုရီးယား က ဒုံးလက်နက်များ စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်စစ်အတွက် ဇာတ်တိုက်လေ့ကျင့်မှုအဖြစ် မှတ်ယူထားပြီး လက်နက်စမ်းသပ်ပစ်ခတ်မှုများဖြင့် တုံ့ပြန်လေ့ရှိကြောင်း သိရသည်။