“မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင် ဆောင်ရွက်ရန်တိုက်တွန်း”

14 Mar

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေး ဆောင်ရွက် ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်းကို မတ်လ ၁၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိဗိမာန် သဘင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်း‌အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ တက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများ၊ (ကြည်း၊ရေ၊လေ)တပ်ဌာနချုပ်များအလိုက် ဌာနချုပ်မှူးများနှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူးများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ယခုအချိန်အထိ ခေတ်မီတပ်မတော် ဖြစ်စေရေး ‌ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည်များကို သုံးသပ်ဆွေးနွေးနိုင်ရန်နှင့် လိုအပ်သည်များကို မှာကြားနိုင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို စတင်ထမ်း‌ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းရမည့် အခြေအနေဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များကို အကောင်းဆုံးဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်တွင် ယခင်က တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ဆုံးမဩဝါဒများ၊ ဖြတ်သန်း ခဲ့သည့် အတွေ့အကြုံများကိုပေါင်းစပ်၍ အကောင်းဆုံး‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်တိုးတက်ရာ တိုးတက် ကြောင်းနှင့် ခေတ်မီတပ်မတော်ြဖစ်စေရေး အမြဲတမ်းအာရုံစိုက်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော် စွမ်းရည်မြှင့်တင်ရေး၊ နိုင်ငံတကာမှ တပ်မတော်များနှင့် ဆက်ဆံမှုကောင်းမွန်ရေးတို့ကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်စွမ်း‌ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်၊ တပ်မတော်‌(ရေ)၊ တပ်မတော်‌(လေ)၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတို့တွင် မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ထို့နောက် တပ်မတော်အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအားလုံးအနေဖြင့် နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက် အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့သည့် မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရန် အလေးအနက်ထား တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)

14 Mar

ADVERTISE HERE .