“ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားမည်ဟု အီရန်ခေါင်းဆောင်သစ် မော့ဂျ်တာဘာခါမေနီ ပြောကြား”
14 Marအမေရိကန်နှင့် အစ္စရေးနိုင်ငံတို့ကို ဖိအားပေးသည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ ထားမည်ဖြစ်ကြောင်း အီရန်ခေါင်းဆောင်သစ် မော့ဂျ်တာဘာခါမေနီက မတ်လ ၁၁ ရက်တွင် ပြောကြားထားသည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အီရန်နိုင်ငံကို ထိရောက်စွာကာကွယ်ရေးအတွက် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုနည်းလမ်းကို ဆက်လက် သုံးစွဲမည်ဖြစ်ကြောင်း အီရန်ခေါင်းဆောင်သစ် မော့ဂျ်တာဘာခါမေနီ ၏ ကြေညာချက်၌ ဖော်ပြထားသည်။ အဆိုပါကြေညာချက်သည် ကွယ်လွန်သူဖခင် အယာတိုလာ ခါမေနီ ၏ အရိုက်အရာကိုဆက်ခံပြီးနောက် အီရန်ခေါင်းသစ် မော့ဂျ်တာဘာခါမေနီ ၏ ပထမဆုံးကြေညာချက်ဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့က အီရန်ကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်ရေးအရ စတင်တိုက်ခိုက် ခဲ့ပြီးနောက်ပိုင်း မဟာဗျူဟာမြောက် ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား၌ ရေကြောင်းသွားလာမှုများ ရပ်တန့်ခဲ့ရာ ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာခဲ့ရသည်။ ဟော်မုဇ် ရေလက်ကြားဒေသသည် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ကုန် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ပုံမှန်ဖြတ်သန်းနေသော ရေလမ်းကြောင်းဖြစ်သည်။ လက်ရှိတွင် အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့သည့်အနေဖြင့် ယင်းရေလက်ကြားအတွင်း ဖြတ်သန်းနေသော ရေနံတင်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။