သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းတွေ

13 Mar

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သွေးတိုး ရောဂါမဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သွေးတိုး‌ရောဂါကြောင့် လေဖြတ်ခြင်း၊ နှလုံးပျက်စီးခြင်း စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် သွေးတိုးရောဂါမဖြစ်အောင် ကျန်းမာရေးနဲ့အညီ ဆင်ခြင်နေထိုင်သင့်ပါတယ်။ ဆားလျှော့စားပေးပါ။ နေ့စဥ်စားသုံးနေတဲ့ အစားအသောက်တွေမှာ အငန်များတာ လျှော့စားမယ်ဆိုရင် သွေးတိုးခြင်းနဲ့ နှလုံးရောဂါဖြစ်ပွားခြင်းတို့ကို သက်သာစေပါတယ်။ နောက်ပြီးတော့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပါ။ ကိုယ်အလေးချိန်ကို ထိန်းခြင်းဟာ သွေးတိုးခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဝိတ်တိုးလာလေ သွေးဖိအားကလည်း တိုးလာပါတယ်။ အဲ့ဒါကြောင့် ခန္ဓာကိုယ်အလေးချိန်ဟာ ရှိသင့်တဲ့ အလေးချိန်မျိုးဖြစ်အောင် နေထိုင်စားသောက် သင့်ပါတယ်။ DASH (Dietary Approaches to Stop Hypertension) အစားအသောက်များဖြစ်တဲ့ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ နဲ့ အဆီနည်းသောနို့ထွက် ပစ္စည်းများကို စားသုံးပေးပါ။ ဆိုဒီယမ်စားသုံးမှုကို လျှော့ချပါ။ တစ်နေ့လျှင် ဆိုဒီယမ်ကို 1,500 mg–2,300 mg သို့ ကန့်သတ်ပါ။ Canned food နဲ့ Fast Food များ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဆိုဒီယမ်၏ အာနိသင်ကို လျော့ပါးစေရန် ငှက်ပျောသီး၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းဥနဲ့ ဒိန်ချဉ်တို့ကဲ့သို့သော ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာ များကို စားသုံးပေးပါ။ စိတ်ဖိစီးမှုကို လျှော့နည်းအောင်နေထိုင်ပါ။ စိတ်ဖိစီးမှုကလည်း သွေးတိုးခြင်းနဲ့ တိုက်ရိုက်ဆပ်စပ် နေပါတယ်။ စိတ်ခံစားချက်က ကိုယ့်ကျန်းမာရေးအတွက် အများကြီး သက်ရောက်စေတာမို့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ အဆင်မပြေတာ၊ ဖိစီးမှုတွေ များနေတာ မျိုးဆိုရင် စိတ်ကိုပြန်လည်အဆင်ပြေစေမယ့် အရာလေးတွေ၊ ဒါမှမဟုတ် အာရုံပြောင်းစေမယ့် အရာလေးတွေ လုပ်ပေးပါ။ ဥပမာ အားဖြင့် အပင်စိုက်တာ၊ ပန်းချီဆွဲတာ၊ ရယ်စရာ ဗီဒီယိုဖိုင်တွေ ကြည့်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးပါ။ တစ်ပတ်မှာ မိနစ် ၁၅၀ခန့်၊ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးခြင်းက သင့်ကို သွေးဖိအားပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်ပါတယ်။ ဆေးလိပ်၊ အရက်၊ ကဖင်းဓာတ်တွေ လွန်ကဲလာတဲ့အခါ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်လာစေပါတယ်။ ဒါ့အပြင် သွေးဖိအားများခြင်း နဲ့လည်း တိုက်ရိုက် ဆက်စပ်နေ တတ်ပါတယ်။ အဲ့ဒါကြောင့် အပြတ်ဖြတ်နိုင်ရင်ဖြတ်၊ မဖြတ်နိုင် ရင်လည်း လျှော့သင့်ပါတယ်။ (NVS 003)

13 Mar

ADVERTISE HERE .