“အစ္စရေးနိုင်ငံဆိုင်ရာသံအမတ်ကို စပိန်က တရားဝင်ရုပ်သိမ်း”
13 Mar
စပိန်အစိုးရအနေဖြင့် အစ္စရေးနိုင်ငံဆိုင်ရာ ၎င်းတို့၏ သံအမတ်ကို တရားဝင်ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ စပိန်သံရုံးကို သံရုံးယာယီ တာဝန်ခံကသာ ဦးဆောင်သွားမည်ဖြစ်ကြောင်း မတ်လ ၁၁ ရက်တွင် ထုတ်ပြန်သည့် အစိုးရ၏ကြေညာချက်တွင် ဖော်ပြထားသည်။ စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး မန်နျူရယ်လ် အာဘာရက် ၏အဆိုပြုချက်အရ မတ်လ ၁၀ ရက်တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးတွင် သံအမတ်အား ပြန်လည်ခေါ်ယူရန်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ စပိန်နှင့်အစ္စရေးနိုင်ငံတို့အကြား ဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း တင်းမာလာခဲ့ပြီး စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသအတွင်း လုပ်ဆောင်ခဲ့သည့် အစ္စရေးနိုင်ငံ၏ စစ်ဆင်ရေးများကို ဝေဖန်ထားသည်။ အလားတူပင် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒုံဆား ကလည်း စပိန်အစိုးရအား ဂျူးဆန့်ကျင်ရေးဝါဒီဟု တုံ့ပြန်ခေါ်ဆိုခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် စပိန်သံအမတ်ကြီး အာနာ ဆော်လမွန် အား စပိန်အစိုးရက ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။ အမေရိကန်နှင့်အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် ဆန်းချက် က ပဋိပက္ခများအရှိန်မြင့်တက်လာမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အမေရိကန် တပ်မတော်အား စပိန်နိုင်ငံအတွင်းရှိ လေတပ်အခြေစိုက်စခန်းများအသုံးပြုခွင့်ပေးရန် ငြင်းဆန်ခဲ့ကြောင်းသိရသည်။