“လူတိုင်းလက်လှမ်းမီနိုင်တဲ့ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ၂၀၃၀ မှာပြည့်မီရန် ရည်ရွယ်”
13 Mar
လူတိုင်းလက်လှမ်းမီနိုင်တဲ့ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ၂၀၃၀ ပြည့်နှစ်မှာ ပြည့်မီရန် ရည်ရွယ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က မတ်လ ၁၁ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံမှာ မကူးစက်နိုင်သောရောဂါများဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်း သုတေသန အစီရင်ခံစာ အသိပေးတင်ပြခြင်းအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ကျန်းမာရေးအတွက် ငွေကြေးစိုက်ထုတ်သုံးစွဲရမှု ကုန်ကျစရိတ်များ ကာကွယ်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး လူတိုင်းလက်လှမ်းမီနိုင်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ၂၀၃၀ ပြည့်နှစ်မှာ ပြည့်မီရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။ အခုလိုဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုမှ လိုအပ်လျက်ရှိတဲ့ လူမှုစီးပွားဘဝ ထိခိုက်လာသည်အထိ ကျန်းမာရေးအတွက် ငွေကြေးစိုက်ထုတ်သုံးစွဲရမှု ကုန်ကျစရိတ်များကို ကာကွယ်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတွင်း ၂၀၁၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ် သုတေသနရလဒ်များနှင့် နှိုင်းယှဉ်ပါက သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီ ဓာတ်များခြင်းကဲ့သို့ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာနေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ ပါတယ်။ (NVS 004)