“တပ်မတော်(လေ)သို့ လေယာဉ် ရဟတ်ယာဉ်များ တပ်တော်ဝင်”
13 Mar
မြန်မာ့တပ်မတော်(လေ)၏ လေကြောင်းစွမ်းပကားမြင့်မားစေရန်အတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းကို မတ်လ ၁၂ ရက်နံနက်ပိုင်းမှာ မိတ္ထီလာတပ်နယ်ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်မှာ ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်ခဲ့ပါတယ်။ အခုလိုတက်ရောက်ပြီးနောက် အမိမြန်မာနိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နှင့် အမျိုးသားအကျိုး စီးပွားကို ထိရောက်အောင်မြင်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန် (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များကို အင်အားတောင့်တင်းပြီး စွမ်းရည်ပြည့်ဝထက်မြက်နေအောင် အစဉ်တည်ဆောက်ထိန်းသိမ်းနေရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။ အဲဒီနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင် က လေယာဉ်များတပ်တော်ဝင်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၄ စီးက အမျိုးအစားမတူညီသည့် Composite Formation အုပ်ဖွဲ့၊ အမျိုးအစားမတူညီသည့် ရဟတ်ယာဉ် ၅ စီးက Composite Formation အုပ်ဖွဲ့၊ ကင်းထောက် လေယာဉ် ၁ စီးနှင့် အပေါ့စားရဟတ်ယာဉ် ၂ စီးတို့က Composite Formation တို့ဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ပျံသန်းအလေးပြုခဲ့ကြပါတယ်။ ဒါ့အပြင် အမောင်းသင်လေယာဉ် ၅ စီးက Kite Formation အုပ်ဖွဲ့ပုံစံ၊ အလတ်စားသယ်ယူ ပို့ဆောင်ရေး လေယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၂ စီးတို့က Composite Formation ပုံစံ၊ တိုက်လေယာဉ်(၃)စီးက Arrow Head Formation ပုံစံဖြင့်အုပ်ဖွဲ့ပျံသန်းပြီး တိုက်လေယာဉ်(၁)စီးက Barrel Roll Maneuver သရုပ်ပြကာ အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီးနှင့် ဘက်စုံသုံးတိုက်လေယာဉ် ၂ စီးတို့က Composite Formation ၊ တိုက်လေယာဉ် ၃ စီးက Arrow Head Formation ပုံစံ၊ ဘက်စုံသုံးတိုက်လေယာဉ် ၃ စီးတို့က Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းအလေးပြုခဲ့ကြပါတယ်။ အဲဒီနောက် တိုက်လေယာဉ် ၃ စီးတို့က ရှုရပ်၏ရှေ့တည့်တည့်မှ ပျံသန်းဝင်ရောက်ကာ တပ်မတော်(လေ) အလံ ကိုယ်စားပြု အဝါရောင်၊ အဖြူရောင်နှင့် အပြာရောင် မီးခိုးများထုတ်လွှတ်ပြီး Cross Turn Maneuver ဖြင့် ပျံသန်းကာ တိုက်လေယာဉ်(၁)စီးနှင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစား ဂျက်တိုက်လေယာဉ် ၁ စီးတို့က Composite Formation ဖြင့်ပျံသန်းပြီး မီးကျည်များပစ်လွှတ်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပျံသန်းအလေးပြုခဲ့ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင်ပါဝင်သော လေသူရဲများကို ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပါတယ်။ (NVS 004)