“အစားအသောက်အမှတ်တံဆိပ်မှာ စတစ်ကာကပ်နှိပ် ထပ်ဆောင်းဖော်ပြခြင်းကို ခွင့်ပြုမည်မဟုတ်”
13 Mar
ပြည်ပမှအသင့်ထုပ်ပိုးထားသော အစားအသောက်များတင်သွင်းတဲ့ လုပ်ငန်းများအနေနဲ့ တင်သွင်း အစားအသောက်အမှတ်တံဆိပ်မှာ ထပ်ဆောင်းဖြည့်စွက်ဖော်ပြရာမှာ စတစ်ကာကပ်နှိပ်ဖော်ပြခွင့်ပြုမည် မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က အသိပေး ထုတ်ပြန်ခဲ့ပါတယ်။ တင်သွင်းအစားအသောက်၏ အမှတ်တံဆိပ်က စားသုံးသူများ ဖတ်ရှုူနားလည်လက်ခံနိုင်တဲ့ ဘာသာစကား သို့မဟုတ် မြန်မာဘာသာစကားနဲ့ ဖော်ပြထားခြင်းမရှိ၍ အမှတ်တံဆိပ်မှာ မဖြစ်မနေဖော်ပြရမည့် အချက်အလက် များကို လိုအပ်သောဘာသာစကားနဲ့ ထပ်ဆောင်းဖြည့်စွက်ဖော်ပြရာမှာ စတစ်ကာကပ်နှိပ်ဖော်ပြခွင့်ပြုမည် မဟုတ်ကြောင်း FDA က ထုတ်ပြန်ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ အသင့်ထုပ်ပိုးထားသော စားသောက်ကုန်အမှတ်တံဆိပ်များမှာ စားသောက်ကုန် သတ်မှတ်နံပါတ် (Food Product Code) ကို မဖြစ်မနေထည့်သွင်းဖော်ပြရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က မတ်လ ၄ ရက်မှာ အသိပေးညွှန်ကြားထားကြောင်းသိရပါတယ်။ (NVS 004)