“တောင်ကြီးမြို့မှာ ရိုးရာသနပ်ခါးသင်္ကြန်နှင့် လမ်းလျှောက်သင်္ကြန်များပါ ထည့်သွင်းကျင်းပမည်”
12 Mar
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့်အတူ လမ်းလျှောက် သင်္ကြန်၊ ရိုးရာသနပ်ခါးသင်္ကြန်တို့ကိုပါ ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။ ဒါ့အပြင် ညောင်ရွှေမြို့မှာ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ကျင်းပသွားမှာဖြစ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပါတယ်။ အဆိုပါသင်္ကြန်ပွဲတော် အစီအစဉ်များနှင့် ပတ်သက်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးညှိနှိုင်းအစည်းဝေးကို ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ မတ်လ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေး၌ တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က သင်္ကြန်မဏ္ဍပ်များကို ဗိုလ်ချုပ်လမ်းပေါ်တွင် ထားရှိဆောင်ရွက်မှာ ဖြစ်ကြောင်း၊ မဏ္ဍပ်နေရာများကို ကွင်းဆင်းကြည့်ရှု၍ လျာထားချက်များတင်ပြရန်၊ သင်္ကြန်ယိမ်းအကပြိုင်ပွဲ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် အင်းလေးရေပေါ်သင်္ကြန်ကျင်းပမည်ဖြစ်၍ မူဝါဒနှင့်အညီ စနစ်တကျဆောင်ရွက် သွားရန်၊ ဗဟိုမဏ္ဍပ်နေရာများ ရွေးချယ်အဆိုပြုရန်နှင် စတုဒိသာကျွေးမွေးရန် စသည်တို့ကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရပါတယ်။ (NVS 004)