“ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မဖြစ်မနေတိုးတက်မှုရှိအောင် ဆောင်ရွက်သွားရမည်”
11 Mar
ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မဖြစ်မနေတိုးတက်မှုရှိအောင်ဆောင်ရွက်သွားရမှာဖြစ်သလို ပြည်သူ လူထုအကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း မတ်လ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မှုနဲ့ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးပွဲ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားခဲ့ ပါတယ်။ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လမ်းကြောင်းပေါ် တွင် ခိုင်မာစွာဆက်လက်လျှောက်လှမ်းပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်(၈၉)ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်(၂၅)ကြိမ်၊ နိုင်ငံရေးပါတီများနှင့်(၂၂)ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် (၁၃)ကြိမ်၊ စုစုပေါင်း (၁၄၉)ကြိမ် တွေ့ဆုံညှိနှိင်းဆွေးနွေးနိုင်ခဲ့ပါတယ်။ ဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်သော ဖြစ်သင့်ဖြစ်ထိုက်သည့် အချက်များကို အကျေအလည်ဆွေးနွေးနိုင်ခဲ့သလို ထိုကဲ့သို့ဆွေးနွေးနိုင်ခဲ့သည့်အချက်များကို လာမည့်လွှတ်တော် တွင် ဆွေးနွေးသွားမှာဖြစ်ပြီး လွှတ်တော်၏ဆုံးဖြတ်ချက်များနှင့်အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS-004)